www.mamboteam.com
အဖွင့် စာမျက်နှာ arrow ရုပ်သံ arrow ဗမာ့လွတ်လပ်ရေးသမိုင်းနဲ့ အောင်ဆန်းနေ့
Friday, 05 September 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
ဗမာ့လွတ်လပ်ရေးသမိုင်းနဲ့ အောင်ဆန်းနေ့ Print E-mail

ဗမာ့လွတ်လပ်ရေးသမိုင်းနဲ့ အောင်ဆန်းနေ့
(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)
ရေးသားသူ - မောင်စွမ်းရည်

ဗမာပြည်မှာ `အောင်ဆန်းနေ့´ ရယ်လို့တော့ သတ်မှတ်ထားတာမရှိသေးပါဘူး။ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ကိုတော့ `ကလေးများနေ့´ ရယ်လို့ သတ်မှတ်ထားရှိပါတယ်။ ဖေဖော်ဝါရီ (၁၃) ရက်နေ့။ ကလေးများနေ့ပါ။ ဗမာပြည်၊ ဗမာလူမျိုးတို့ရဲ့ အစဉ်အလာမှာ ကလေးတွေကို သိပ်ပြီးနေရာပေးတဲ့ အစဉ်အလာ မရှိပါဘူး။ `ကလေးဟာ ကလေးနေရာမှာနေရတယ်။ ကလေးဆိုတာ လူကြီးတွေထဲ ၀င်မရှုတ် ရဘူး´ ဆိုပြီး ကန့်သတ်ထားတာတွေရှိပါတယ်။ `သူ့နေရာနှင့်သူ´ ဆိုတဲ့စကားရှိပေမယ့် ကလေးလည်း အသိဥာဏ်နှင့်လူပဲမို့ နေရာတကာ ခွဲခြားနှိမ်ချတာမျိုးတွေ မရှိသင့်ပါဘူး။ လူကြီးမိဘကို ရိုသေရမယ် ဆိုသလို ကလေးများကိုလည်း လေးစားရပါလိမ့်မယ်။ ယနေ့လူငယ် နောင်ဝယ်လူကြီးလို့ ဆရာဇော်ဂျီက စာဖွဲ့စီဖူးတယ်။ အင်္ဂလိပ်ကဗျာဆရာကြီး ၀ီလျှံဝေါ့စ်ဝပ်သ်က ကလေးဆိုတာလူကြီးရဲ့ဖခင်လို့ စာဖွဲ့ဖူးတယ်။ ဒါကြောင့်ကလေးတွေကိုလည်း နှိမ့်ချခွဲခြားတာမျိုး မလုပ်ဘဲ သူ့သိက္ခာနဲ့သူ လေးစားချီးမြှောက်ပြီး ပြုစုပျိုးထောင်ကြရပါမယ်။ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို ကလေးပြုစုပျိုးထောင်မှုနဲ့ မှတ်ကျောက်တင်ကြည့်လို့ ရကောင်း ပါတယ်။ ဗမာပြည်မှာ ကလေးများနေ့အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို သတ်မှတ်ထားတယ်။ ကလေးများနေ့ရယ်လို့ သတ်မှတ်ရာမှာ အောင်ဆန်းမွေးနေ့ထက် သင့်တော်တဲ့နေ့မရှိပါဘူး။

အဲဒီ့နေ့မှာ လူကြီးမိဘဆရာသမားတွေက အောင်ဆန်းခေါ် ထိန်လင်းလေးရဲ့ငယ်စဉ်ဘ၀က စာကြိုးစားပုံ၊ ရိုးသားဖြောင့်မတ်ပုံ အကြောင်းအရာလေးတွေကို ပြောပြကြတယ်။ တခြား လိမ္မာရေးခြားရှိဖွယ် ပုံတိုပတ်စတွေကို ဆရာမိဘတွေက ပြောပြတဲ့အပြင် ကလေးတွေအတွက် ကဗျာရွတ်ဆိုပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကပွဲ၊ ပြေးပွဲပြိုင်ပွဲတွေလည်း အထူးစီစဉ်ပေးကြရတယ်။ ဆိုတော့ အောင်ဆန်း `စွန့်´ မှ `စား´ ရတဲ့ စစ်ဗိုလ် စစ်သားတွေက အောင်ဆန်းဆိုတဲ့ နာမည်ကို မကြားချင်၊ မကြားရဲလို့ မကြားရအောင်ဘဲ လုပ်နေကြပါတော့တယ်။ လူမျိုးကြီး၊ လူယဉ်ကျေးတို့ ဟာ နိုင်ငံထူထောင်ခဲ့သူ အာဇာနည်တွေရဲ့ကျေးဇူးကို မမေ့ကြရဘူး။ ဗုဒ္ဓဘာသာတရားမှာလည်း `ပူဇော်ထိုက်သူ၊ ပူဇော်မူ မှတ်ယူမင်္ဂလာ´ လို့ ရှိပါတယ်။ အခုတော့ ဒါတွေမှေးမှိန်ကုန်ပါပြီ။ ဒါဆိုရင် တိုင်းပြည်နိမ့်ကျပျက်စီးတဲ့ လက္ခဏာတခုပါပဲ။ ဗမာ့လွတ်လပ်ရေးသမိုင်းကိုပြောရင် ဗိုလ်ချုပ်အောင်ဆန်းနာမည်မပါဘဲ ပြောလို့မရပါဘူး။ ဗမာပြည်ကြီးအကြောင်းပြောရင် ဧရာဝတီမြစ်ကြီးအကြောင်းမပါရင် မပြီးသလိုပါဘဲ။ ဒုတိယ ကောလိပ်သပိတ် (၁၉၃၆)၊ တတိယကောလိပ်သပိတ် (၁၉၃၈)၊ တက္ကသိုလ်သမဂ္ဂသမိုင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂသမိုင်း၊ ဒို့ဗမာအစည်းအရုံးသမိုင်း၊ ကွန်မြူနစ်ပါတီသမိုင်း၊ ဖဆပလ သမိုင်း၊ ရဲဘော်သုံးကျိပ်သမိုင်း၊ တပ်မတော်သမိုင်း၊ ပြည်ထောင်စုနေ့သမိုင်း၊ လွတ်လပ်ရေးနေ့သမိုင်းစတဲ့ အရေးတကြီး ဗမာ့သမိုင်းဝင် အရေးအခင်းတွေမှာ ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်အောင်ဆန်းဆိုတဲ့ ရှေ့ဆုံးက ပါဝင်ဦးဆောင်ခဲ့သူ မဟုတ်ပါလား။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိဆိုတာ ဒီနေ့အထိ အခိုင်အမာမရှိခဲ့။ သမိုင်းပြုစုရေး ပညာရှင် အဖွဲ့အမျိုးမျိုး၊ အထပ်ထပ်ဖွဲ့ပြီး စစ်အစိုးရတွေရေးခိုင်းခဲ့တဲ့သမိုင်းစာအုပ်တွေ တောင်ပုံရာပုံ ရှိလာခဲ့ပေမယ့် တပ်မတော်ဖခင်၊ လွတ်လပ်ရေးဖခင်၊ ပြည်ထောင်စုဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိကို တခါမှ လေးလေးစားစား မရေးခိုင်းခဲ့တဲ့အပြင် အောင်ဆန်းဓာတ်ပုံ၊ အောင်ဆန်း ဂူဗိမာန်အလေးပြုသူတွေကိုတောင်မှ ရာဇ၀တ်သားလို ဖမ်းဆီးထောင်ချနေတဲ့အဆင့်အထိ အဖြစ်ဆိုးနေပြီဆိုတော့ ဒီပြည်သူတွေလောက် ဒီစစ်အစိုးရကို ခံပြင်းနေတာမျိုး ရှိမှာတောင် မဟုတ်ပါဘူး။ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အာဇာနည်သူရဲကောင်းတွေရဲ့ အတ္ထုပ္ပတ္တိဆိုတာ အလွန် အရေးကြီးပါတယ်။ အလွယ်အခက်၊ အကျဉ်းအကျယ် အရွယ်အမျိုးမျိုး ရေးသားထုတ်ဝေ ပေးကြ ရပါတယ်။ ကလေးတွေကို မှန်တာလုပ် ဟုတ်တာပြောရမယ်။ လိမ္မာရမယ်စသဖြင့်ပြောတာထက် အားကျစရာ အတုယူစရာပုံပြင်၊ အတ္ထုပ္ပတ္တိလေးတွေနဲ့ပြောရတာ ပိုအောင်မြင်တယ်။ ဗမာပြည်မှာ အောင်ဆန်းလိုလူမှ အားကျအတုမယူရရင် ဘယ်သူ့ကို ယူရမလဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း အနေနဲ့ပြောရရင် သခင်အောင်ဆန်းဆိုတာ သူ့တပည့်၊ သူ့သားပါ။ ဒါပေမယ့် သူ့တပည့်လုပ်ကြံခံရလို့ ကျဆုံးတော့ ဂူပုထိုးတည်ပြီး ကန်တော့ချင်တယ်လို့ စာဖွဲ့ခဲ့ တာပါ။

`သြော် - တပည့်အရင်းတွေမို့
က၀ိမတင်းနိုင်ဘုကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်မရနိုင်ဘု၊
သောကဘလောင်ဆူတော့ …´ စသဖြင့် ငိုကြွေးပြီး၊
`ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်၊
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်၊
ပါရမီ အဓိဋ္ဌာန်တမျိုးရယ်နှင့်၊
ရှိခိုးကာ ဆရာကန်တော့ချင်ရဲ့ …´ လို့ တပည့်တွေကိုနောက်ဆုံးပူဇော်ခဲ့လိုက်ပါတယ်။

အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီရဲ့ ကဗျာဆိုရင်လည်း ကျောင်းတွေ၊ အိမ်တွေမှာ မှန်ဘောင်သွင်းပြီး ချိတ်ဆွဲထားသင့်ပါတယ်။

သခင်အောင်ဆန်းတရား
(ဇော်ဂျီ)

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ မင်းသက်လှယ်ကို
အဘယ်တရားဟောမည်နည်း။

ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား၊ သိစေချင်လှ၏။

သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးကိုက်၏။
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ
ကြုံရာဘ၀၊ မုကလုံလောက်
ခံမြို့ဆောက်၏။

ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ … တဲ့

ဆရာဇော်ဂျီက သူ့ညီအရွယ် သူ့ခေါင်းဆောင်ကို (၁၉၃၆) ကစပြီးကျောင်းသားဘ၀တည်းက အားထားလေးစား ခဲ့ပါတယ်။ ဗမာလူယဉ်ကျေးတို့သာ ပူဇော်ထိုက်သူကို ပူဇော်တတ်ကြ ပါစေသတည်း။       ။

 
< Prev   Next >
 
Top! Top!