| ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ဗြိတိန်တောင်းဆို |
|
|
|
ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် ဗြိတိန်တောင်းဆို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ဝင်ရောက်နိုင် ရေးအတွက် ဗြိတိန်နိုင်ငံက စစ်အစိုးရကို တောင်းဆိုလိုက်သည်။ “ပထမဆုံးအနေနဲ့ အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး တခြားနိုင်ငံရေးခေါင်းဆောင် တွေ၊ တိုင်းရင်းသား လူမျိုးစုအဖွဲ့တွေနဲ့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ၊ နောက်ဆက်တွဲ ပြည်သူ့ဆန္ဒခံယူပွဲမှာ ပါဝင်ဆင်နွှဲခွင့်ပြုသင့်တယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်မီလီဗင်က အောက်စ်ဖို့ဒ်၌ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုသွားသည်။ “ဒုတိယအချက်အနေနဲ့ လုပ်ငန်းစဉ်ချောမွေ့စေရေးအတွက် ကုလသမဂ္ဂ အထူးသံ အီဗရာဟင်ဂမ်ဘာရီကို မြန်မာနိုင်ငံ သို့ ချက်ချင်းပြန်ဝင်ခွင့်ပေးရမယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး အလွန်အရေးကြီးတဲ့ အချိန်ဖြစ်သလို မြန်မာပြည်သူတွေ ဒီမိုကရေစီ အုပ်ချုပ်ရေး ရည်မှန်းချက်တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀န်းက ဘာတွေ ကူညီလုပ်ဆောင် ပေးရမလဲဆိုတာ စဉ်းစားကြဖို့ အရေးအကြီးဆုံးအချိန်ဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု မီလီဗင်က ပြောသည်။ မြန်မာစစ်အစိုးရက လာမည့် မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့် ရွေးကောက်ပွဲများ ပြုလုပ်မည်ဟု ကြေညာပြီး နောက်တွင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဗင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ။ |
| < Prev | Next > |
|---|






