| အန်အယ်လ်ဒီလူငယ်များ ဆန္ဒပြ |
|
|
|
အန်အယ်လ်ဒီလူငယ်များ ဆန္ဒပြ ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့တွင် အပြာရောင်ဝတ်စုံများ ဝတ်ဆင်ထားသည့်လူငယ်များ အန်အယ်လ်ဒီ လူငယ် ၁၂ ဦးက ရန်ကုန်ရှိ ပါတီဌာနချုပ်ရှေ့တွင် ဆန္ဒပြကြသည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောဆိုသည်။ စစ်အစိုးရက ကမ္ဘာ့ကုလသမဂ္ဂ၏ တောင်းဆိုချက်များအား လိုက်လျောမှုမရှိခြင်းကို ထုတ်ဖော်ပြသသည့် အနေဖြင့် ကုလသမဂ္ဂအလံကို ရှေ့ဆုံးမှလွှင့်ထူကာ ဆန္ဒပြခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီ ပါတီဝင်တဦးက ပြောသည်။ “ယူအန် ကမ်ပိန်းရယ် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေ နှောင့်နှေးနေတာကြောင့် တွေ့ဆုံဆွေးနွေးရေး အမြန်ဖြစ်ထွန်းဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးတွေကို ရည်ရွယ်ပြီး လုပ်တာပါ” ဟု အဆိုပါ အန်အယ်လ်ဒီ ပါတီဝင်က ပြောသည်။ ဆန္ဒပြလူငယ်များသည် နေ့လယ် ၁၁ နာရီခွဲခန့်တွင် ဗဟန်းမြို့နယ် အုတ် လမ်းမှ အန်အယ်လ်ဒီ ဌာနချုပ်အထိ လမ်းလျှောက်ဆန္ဒပြကြခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် ကုလသမဂ္ဂဆုံးဖြတ်ချက်များကို စစ်အစိုးရက လိုက်နာရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ပိုစတာများကို ကိုင်ဆောင်သည့်အပြင် တိုင်းရင်းသားလူမျိုးစုများ၏ အလံများကိုလည်း ကိုင်ဆောင်ကြသည်။ နေ့လယ် တနာရီတွင်လည်း ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို အန်အယ်လ်ဒီ ပါတီဌာနချုပ်တွင် ကျင်းပရာ ပရိသတ်ရာနှင့်ချီကာတက်ရောက်ကြောင်း သိရသည်။ အဆိုပါ ပြည်ထောင်စုနေ့ အခမ်းအနားသို့ တိုင်းရင်းသား ကိုယ်စားလှယ် အသီးသီးလည်း တက်ရောက်ကြကြောင်း အခမ်းအနားတက်သူတဦးက ပြောသည်။ ယခုအပတ်ထုတ်ဂျာနယ်များက ပြည်ထောင်စုနေ့ဆောင်းပါးများ ရေးသားကြရာ ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ရှမ်းပြည်နယ် ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ယှဉ်တွဲရိုက်ကူးထားသည့် ဓာတ်ပုံကို စာပေ စိစစ်ရေးက ဖော်ပြခွင့်မပြုပေ။ ၎င်းဓာတ်ပုံအား ဖော်ပြခွင့်မပြုခြင်းမှာ မြန်မာပြည်သူများသည် လွတ်လပ်ရေးကို ဒုတိယအကြိမ် တိုက်ယူနေရသည့် ကာလ ဖြစ်သောကြောင့် တိုင်းရင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဒုတိယအကြိမ် ပင်လုံစာချုပ် ချုပ်ဆိုမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက သုံးသပ်ပြောဆိုသည်။
|
| < Prev | Next > |
|---|












