အဖွင့် စာမျက်နှာ
Thursday, 24 July 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
Login Form





Lost Password?
No account yet? Register
ရယူရန်
ဓာတ်ပုံ
Syndicate
Who's Online
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
သုံးပွင့်ဆိုင် ဆွေးနွေးရန် ဒီချုပ် ထပ်မံတောင်းဆို Print E-mail

သုံးပွင့်ဆိုင် ဆွေးနွေးရန် ဒီချုပ် ထပ်မံတောင်းဆို
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

သုံးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် အဓိက အတိုက်အခံ နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရကို ထပ်မံ တောင်းဆိုလိုက်သည်။ စစ်အစိုးရလက်ကိုင် ကြံ့ခိုင်ဖွံ့ဖြိုးရေးနှင့် စွမ်းအားရှင်များက အင်အားပြ ခံခဲ့ရသည့် အတိုက်အခံများ၏ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအပြီး ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ အများက မျှော်လင့်ထားသော စစ်အစိုးရက အခြေခံဥပဒေ မူကြမ်းကို မေလတွင် ဆန္ဒခံယူမည် ဆိုသော လတ်တလော ကြေညာချက်အပေါ် ဝေဖန်ချက်များ မပါဝင်ဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ခွန်ထွန်းဦး၊ စက်တင်ဘာ အရေးအခင်းအတွင်း အဖမ်းခံရသူများနှင့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ပေးရေးတို့ကို ဖော်ပြထားသည်။ အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူများကို ဖမ်းဆီးမှုများ ထူပြောနေသည့် ကာလတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ အဖွဲ့ချပ်ဝင်များ၊ ဝါရင့် နိုင်ငံရေး သမားများ၊ ၈၈ မျိုးဆက် ကျောင်းသားများ စုစုပေါင်း အင်အား (၆ဝဝ) ခန့် တက်ရောက်ခဲ့ကြပြီး ဆန္ဒပြမှု တရပ်ကိုလည်း အခမ်းအနားအပြီး ပြုလုပ်ခဲ့ကြသည်။

ချိတ်ပိတ်ပင်ခံထားရဆဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးခွဲများအား ပြန်လည် ဖွင့်လှစ်ပေးရေးနှင့် လွတ်လပ်စွာ စည်းရုံး လှုပ်ရှားခွင့်ပြုရေး၊  အဖွဲ့ဝင်များအား အတင်းအကြပ် နှုတ်ထွက် ခိုင်းနေခြင်းများကို ရပ်ဆိုင်းပေးရန်၊  ဖျက်သိမ်းခံထားရသော တိုင်းရင်းသား နိုင်ငံရေး ပါတီများကို ပြန်လည် မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ပေးရေးတို့လည်း ပါဝင်သည်။ “ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကတော့ လူစုံပါဖို့ပေါ့၊ တိုင်းရင်းသား ကိုယ်စားလှယ် အားလုံးပါဖို့၊ နောက်ပြီးတော့ သုံးပွင့်ဆိုင်  တွေ့ဆုံးပြီးမှ အဲဒီလို ညှိနိုင်း ဆွေးနွေးမှသာ လျှင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်လာမယ်လို သူတို့ လက်ခံတယ် ဆိုတဲ့ဟာကို အဓိက ထားပြီးတော့ ပြောသွားတယ်” ဟု နေ့လည် (၁) နာရီတွင် စတင်သော အခမ်းအနား၏ သဘာပတိ မိန့်ခွန်းနှင့် ပတ်သက်၍ ကိုယ်တိုင် တက်ရောက်ခဲ့သော မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒုဥက္ကဌ နိုင်ငွေသိန်းက မဇ္ဈိမသို့ ပြောပြသည်။ အလားတူ မန္တလေးတိုင်း အဖွဲ့ချုပ်ဝင်များသည် အာဏာပိုင်များက ပိတ်ပင် ကန့်သတ်ထားသည့် ကြားမှ ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ကြသည်။  အာဏာပိုင်များက လူဦးရေ (၅ဝ) ထက် မကျော်ရဟု ဟန့်တားထားခြင်းကြောင့် မန္တလေးတိုင်း ယာယီ အဖွဲ့ချုပ်ရုံး ဖြစ်သော - ၂၈ လမ်း၊ ၇၇-၇၆ ကြားရှိ ဦးမောင်မောင်သန်း၏ နေအိမ်တွင် အဖွဲ့ဝင် ၅ဝ ဖြင့် ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“လုံခြုံရေးကတော့ နဂိုအတိုင်းပါပဲဗျာ။ အပြည့်ပြည့်ဝဝ ရှိပါတယ်။ လာနှောက်ယှက်တာတော့ မရှိပါဘူး။” ဟု အမည်မဖော်လိုသူ မန္တလေး အဖွဲ့ဝင် တဦးက ပြောသည်။ အလားတူ ၈၈ မျိုးဆက် ကျောင်းသားများကလည်း ယနေ့နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ရာတွင် “ပြည်ထောင်စု ခေါင်းဆောင်များ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို စံနမှုနာယူကာ ဖေါက်ပြန်သော လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော လူမျိုးစွဲ ဝါဒများကို ရှောင်ဖယ်ပြီး ပင်လုံစိတ်ဓါတ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ တမျိုးသားလုံး လွတ်မြောက်ရေးနှင့် စစ်မှန်သော ပြည်ထောင်စု ပေါ်ထွန်းရေးစသည် လှုပ်ရှားမှုများ၊ တိုင်းရင်းသား ညီအကိုတော်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုများနှင့်အတူ တစိတ်တည်း တဝမ်းတည်း လက်တွဲ ကြိုးပမ်းသွားရန်” တိုက်တွန်းထားသည်။ စစ်အစိုးရ၏ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် လမ်းပြမြေပုံ (၇) ချက်ကို “တိကျခိုင်မာသော သဓိဌာနဖြင့် အကောင်အထည် ဖော်လျက် ရှိရာတွင် ပြည်တွင်းပြည်ပ အဖျက်သမားများအား တိုင်းရင်းသား စည်းလုံးညီညွတ်မှုဖြင့် တိုက်ဖျက် သွားမည်ဟု ပါရှိသည်။ ပြည်ထောင်စုနေ့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် လွတ်လပ်ရေးရေးနှင့်  တန်းတူရည်တူ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အတွက် သမိုင်းဝင် သဘောတူညီမှု ရခဲ့သော အထိမ်းအမှတ်နေ့ ဖြစ်သည်။

 
< Prev   Next >
 
Top! Top!