www.mamboteam.com
အဖွင့် စာမျက်နှာ arrow ရုပ်သံ arrow ပင်လုံ လမ်းညွှန်မြေပုံနှင့် ပြည်ထောင်စု၏ ဓမ္မန္တရယ်နှစ်ပါး
Friday, 05 September 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
ပင်လုံ လမ်းညွှန်မြေပုံနှင့် ပြည်ထောင်စု၏ ဓမ္မန္တရယ်နှစ်ပါး Print E-mail

“ပင်လုံ လမ်းညွှန်မြေပုံနှင့် ပြည်ထောင်စု၏ ဓမ္မန္တရယ်နှစ်ပါး”
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

"မြန်မာများသည် ဗြိတိသျှ၏ ကျွန် မဖြစ်လို ၊ ထိုနည်းတူစွာ တောင်တန်း လူမျိုးများလည်း ဗြိတိသျှ ကျွန်အဖြစ် မရောက်စေလို၊ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန် အဖြစ်လည်း မဖြစ်စေလို၊ တောင်တန်းနယ်ကို တောင်တန်းလူမျိုးများသာ အုပ်ချုပ်စိုးမိုးခြင်းကို မြန်မာများက ကြိုက်နှစ်သက်ပါကြောင်း ...."

(ဗိုလ်ချုပ်အောင်ဆန်း )
(၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့ ပင်လုံညီလာခံတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)

(က)

တနှစ်အတွင်း လွတ်လပ်ရေး ရရမည်ဟု ကြွေးကြော်ရင်း ဖဆပလသည် လုပ်ဆောင်၏။ အခြေအနေများသည်လည်း တနှစ်အတွင်း လွတ်လပ်ရေးရရန် ပေါင်းစုံလာသည်။ ဤတွင် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့ အာသံ ၊ မဏိပူ နယ်သို့ သွား၏။ အာသံ၊ မဏိပူနယ်များက ဘကြီးတော် မင်းတရားကြီး လက်ထက်၌ မြန်မာ ပြည်ထောင်စုအတွင်း တည်ရှိခဲ့သည့် နယ်မြေများ ဖြစ်သည်။ ၁၈၂၄ ခုနှစ် အင်္ဂလိပ်၊ မြန်မာ ပထမစစ်ပွဲ အပြီးတွင် ရခိုင်၊ တနင်္သာရီဒေသနှင့်အတူ ဗြိတိသျှတို့အား စစ်ရှုံး၍ ပေးလိုက်ရသည့်နယ်များ ......။ ယခု လွတ်လပ်ရေး ပြန်လည်၍ ရရှိရန် အချိန်၌ ဖဆပလ ခေါင်းဆောင်တို့သည် အာသံ၊ မဏိပူ စော်ဘွားများနှင့် သွားရောက် တွေ့ဆုံပြီး မြန်မာများနှင့်အတူ တပေါင်းတစည်းတည်း လွတ်လပ်ရေးအား ရယူရန် ဆွေးနွေး၏။ အာသံ၊ မဏိပူစော်ဘွားများက ဖဆပလ၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်၏။ ဤအခြေအနေအား ဗြိတိသျှအစိုးရသည် သိ၏။ ထိုကြောင့်ပင် လန်ဒန်၌ အောင်ဆန်း- အက်တလီ စာချုပ်အား ချုပ်ဆိုသည့် အခါတွင် စာချုပ်၏ အပိုဒ်-၈ အပိုဒ်ခွဲ (ခ)၌......

နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၄င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒသဘောထား မေးမြန်းခြင်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင် ဖြစ်စေ၊ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့် အချက်က တောင်တန်းဒေသ ပြည်နယ်များ အနေနှင့် မြန်မာနိုင်ငံ အစိုးရနှင့် ဆက်ဆံရေးကို မည်သည့် ပုံစံမျိုးဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင် ဖြစ်သည်။ အဓိပ္ပာယ်ကား .... တောင်တန်းဒေသ တိုင်းရင်းသားများ အနေနှင့် မြန်မာတို့နှင့်အတူ လွတ်လပ်ရေးကို ရယူမလား၊ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေးမျိုး ရယူမလား၊ ဟူ၍ သဘောထား တောင်းခံရန် ဖြစ်၏။

(ခ)

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၃ - ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ တိုင်းရင်းသား သွေးစည်းရေး ညီလာခံတရပ်အား ကျင်းပ၏။ သမိုင်း၌ ပင်လုံညီလာခံ ဟူ၍တွင်သည်။ ပထမပိုင်း အစည်းအဝေးများအား ၆-၇ ရက်များတွင် ပြုလုပ်ခဲ့၏။ ရှမ်း၊ ကချင်၊ ချင်း၊ တိုင်းရင်းသား ခေါင်းဆောင်များ တတ်ရောက်ကြသည်။ သဘောတူ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြ၏။

.... မြန်မာများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ရှမ်း၊ ကချင်၊ ချင်းတို့၏ လွတ်လပ်ရေးသည် ပိုမိုလျင်မြန်စွာ ရရှိလိမ့်မည်ဟု ယုံကြည်သည်။

.... ဒီမိုကရေစီ နည်းစနစ်အရ မြန်မာလူမျိုးတို့ ရရှိခံစားနေသည့် အဆင့်အတန်း အခွင့်အရေးများနှင့် အကျိုးစီးပွားများကဲ့သို့ ရှမ်း၊ ကချင်၊ ချင်းတို့လည်း ရရှိခံစားရန် လိုလားသည်။

.... ရှမ်း၊ ကချင်၊ ချင်း အမှုဆောင် ၀န်ကြီးများသည် မိမိတို့ သက်ဆိုင်ရာ ပြည်နယ်အတွင်း အရေးကိစ္စ အ၀၀တို့တွင် မိမိတို့သာလျှင် တာဝန်ခံ၍ ... ကာကွယ်ရေး ၊ နိုင်ငံခြားရေး၊ စသည့် အများနှင့် သက်ဆိုင်ရာကိစ္စများကို မြန်မာများနှင့် ပူးပေါင်းတာဝန်ခံ ဆောင်ရွက်လိုသည်။

ရှမ်း၊ ကချင်၊ချင်း တိုင်းရင်းသား ခေါင်းဆောင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်က အောင်ဆန်း-အက်တလီ စာချုပ် အပိုဒ် ၈-အပိုဒ်ခွဲ (ခ)အား အဖြေပေးပြီး ဖြစ်သည်။

(ဂ)

ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ အဖွဲ့ ပင်လုံသို့ ရောက်၏။ ဦးတင်ထွဋ်၊ ဆာမောင်ကြီး၊ ဦးအောင်ဇံဝေ၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်သိန်းဆွေ၊ သခင်ဝတင်၊ နှင့် ဦးဖေခင်တို့လည်း ပါသည်။ ဗြိတိသျှတို့မှ အတွင်းဝန် မစ္စတာ ဘောတွမ်လေနှင့် အရာရှိကြီးများ ......။ ဗြိတိသျှ နယ်ခြားဒေသ တောင်တန်းမင်းကြီး မစ္စတာ စတီဗင်ဆင်တို့လည်း တတ်ရောက်ကြ၏။ ကရင်နှင့်ကရင်နီ ကိုယ်စားလှယ်တို့က လေ့လာသူများအဖြစ် တက်သည်။ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ အစည်းအဝေးက အခက်အခဲ အကျပ်အတည်းများတော့ ရှိခဲ့၏။ လိပ်ခဲတည်းလည်း အခြေအနေများအား ကျော်ဖြတ်နိုင်ခဲ့ပြီး နောက်ဆုံး၌ ပြည်ထောင်စုစာချုပ်အား ချုပ်ဆိုနိုင်ခဲ့ကြ၏။ တိုင်းရင်းသား သွေးစည်း ညီညွှတ်ရေးစာချုပ် .....။ ပင်လုံစာချုပ်......။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းကိုယ်စားလှယ် ၂၁-ဦးတို့ လက်မှတ် ရေးထိုးခဲ့ကြ၏။

`တောင်တန်းဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခုလက်ရှိ ခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့် ဒေသတွင်မဆို လုံးဝ ပြုမူလိမ့်မည်မဟုတ် ၊ တောင်တန်းဒေသများ အတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိကြောင်း မူအားဖြင့် လက်ခံသည်။ တောင်တန်းဒေသရှိ ပြည်သူတို့သည် ဒီမိုကရေစီ တိုင်းပြည်များတွင် အခြေခံ အခွင့်အရေးနှင့် ရပိုင်ခွင့်များဟု သတ်မှတ်ထားသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို ရရှိခံစားစေရမည်။
 
            ဤကား .....ပင်လုံစာချုပ်၏ အနှစ်သာရပင် .....။
            စာချုပ်အား အနှစ်ချုပ်ကြည့်ပါက .......
            - ဒီမိုကရေစီ အခွင့်အရေးနှင့် ရပိုင်ခွင့်များ ရှိစေရမည်။
            - ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။
            - ကိုယ်ပိုင်ပြဌာန်းခွင့် ရှိစေရမည်။

ဤသည်ပင်... ပင်လုံ၏ သုံးဖြာသော အသက်သွေးကြော .....။ ဤသည်ပင်... ပင်လုံ၏ လမ်းညွှန်မြေပုံ.....။ ဤသည်ပင်... ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်လိုသည့် မြန်မာပြည်ထောင်စုသစ် .....။

(ဃ)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ပြည်သူတို့၏ ယုံကြည်ကိုးစားမှုအား (ဖဆပလ) ကဲ့သို့ပင် ရရှိသည့် အဖွဲ့အစည်း ဖြစ်သည်။ ၁၉၄၇ - ဧပြီလ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ၌ (ဖဆပလ) သည် ၉၅.၃% အနိုင်ရရှိခဲ့ပြီး ၊ ၁၉၉၀ခုနှစ် မေလ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ NLD က ၈၂.၅% အနိုင် ရရှိခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တိုင်းရင်းသားအရေး ၊ ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပါတ်သတ်၍ အစဉ်တစိုက်ပင် သဘောထား ထုတ်ပြန်ခဲ့၏။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂-ရက်နေ့တွင် ပင်လုံ၌ အဖွဲ့ချုပ်သည် တိုင်းရင်းသားအရေးနှင့် ပါတ်သတ်၍ ကြေငြာချက်အမှတ် ၉-အား ထုတ်ပြန်ခဲ့သည်။ ထို ထုတ်ပြန် ကြေငြာချက်ကို ပင်လုံ၌ပင် ဒေါ်အောင်ဆန်းစုကြည်မှ လူထုအား ရှင်းလင်း ပြောကြားခဲ့သည်။

ကြေငြာချက်အမှတ် ၉-က မည်သို့နည်း .....။ မူသဘောထားအား ကောက်နုတ်၍ ဖော်ပြပါမည်။

`.....ပြည်ထောင်စုတခုလုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍနယ်ပယ် အားလုံး၌ အပြည့်ဝဆုံးသော ဒီမိုကရေစီ အခြေအနေများ ဖော်ထုတ်ရေးနှင့် အစစ်အမှန်ဆုံးသော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးကို ဦးတည်ရှေ့ရှုမည်။ ´

`.... တိုင်းရင်းသား လူမျိုးများ အားလုံး နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကဏ္ဍနယ်ပယ် အသီးသီး၌ ကိုင်ပိုင်ပြဌာန်းခွင့် ရှိရေးကို ဦးတည်ရှေ့ရှုမည်။´

မူသဘောထားများအား အကောင်အထည် ဖော်နိုင်ရန် ယေဘုယျ ရှေ့လုပ်ငန်းစဉ်များကိုလည်း ချမှတ်ခဲ့သည်။ ကောက်နုတ်၍ ဖော်ပြရလျှင် .....

`ပင်လုံ ညီလာခံကြီးကဲ့သို့သော ပြည်ထောင်စုကြီး၏ အနာဂတ် ခရီးလမ်းညွှန်များကို ချမှတ်နိုင်မည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ အမျိုးသား ညှိနှိုင်းမှု ညီလာခံတရပ်ကို ခေါ်ယူ ကျင်းပမည်။ ထိုညီလာခံကြီးတွင် တိုင်းရင်းသား လူမျိုးအားလုံး၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တိုင်းရင်းသားလူမျိုး အားလုံး၏ အခွင့်အရေး တန်းတူရည်တူခွင့် ၊ လူမျိုးနွယ်ကြီးတခု၏ နယ်ပယ်ဒေသအတွင်း မှီတင်းနေထိုင်လျက် ကိုယ်ပိုင်စကား၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်နယ်မြေ၊ ဒေသရှိသော လူမျိုးငယ်တို့ သီးခြားနယ်မြေဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စသည့်အရေးကိစ္စများနှင့် စပ်လျဉ်း၍ အများသဘောညီမျှသော ပြဌာန်းချက်များကို ချမှတ်မည်။´

ပင်လုံညီလာခံကြီး ကဲ့သို့ဟူသည်က ထိုညီလာခံသည် ပြည်ထောင်စုစိတ်ဓါတ် လုံးဝလွှမ်းမိုးသော ညီလာခံအား ဆိုလိုခြင်း ဖြစ်သည်။ အာဏာစက်မရှိရ.... သေနတ် ပြောင်းဝများဖြင့် မချိန်ထားရ ဟူ၍ဖြစ်သည်။ ညောင်နှစ်ပင်ကဲ့သို့မဟုတ်။ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် NLD တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဗိုလ်အောင်ကျော်လမ်း ပူးတွဲ ကြေငြာချက်အား ထုတ်ပြန်ခဲ့၏။ ပူးတွဲ ကြေငြာချက်က ......

`တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူမှု ၊ နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ ရရှိစေမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက် ရှိသော ပြည်ထောင်စုအား တိုင်းရင်းသားအားလုံး သွေးစည်းညီညွှတ်စွာ ထူထောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က တညီတညွှတ်တည်း သဘောတူကြသည်´

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည်အ၀ ရရှိစေရမည် ဟူသည်က ၁၉၄၇ခုနှစ်တွင် ဗိုလ်ချုပ်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်၏ အနှစ်သာရ သဘောတရားပင်ဖြစ်သည်။

(င)

စစ်အုပ်စုတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ရေးဆွဲရန် အခြေခံမူ ၁၀၄-ချက်ရှိ၏။ ရှေ့ဆက် လုပ်ဆောင်သွားရမည့် လမ်းပြမြေပုံ ၇-ဆင့်လည်း ရှိ၏။ ဤ ၇-ဆင့်နှင့် အခြေခံမူ ၁၀၄-ချက်အား ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်စေ၍ နိုင်ငံတခုအား တည်ထောင်မည်ဟု စစ်အုပ်စုက ရည်စူးထားသည်။ မည်သို့သော နိုင်ငံနည်း....။ ပင်လုံလမ်းညွှန်မူများအရ ပြည်ထောင်စုလား.....။ သို့တည်းမဟုတ် .....။

စစ်အုပ်စုကလည်း ပြည်ထောင်စုဟူ၍ပင် သုံးစွဲပြန်၏။ သို့သော် ....ပြည်ထောင်စုက တန်းတူမှုမရှိ။

ပြည်ထောင်စုအား ပြည်နယ် ၇-ပြည်နယ်၊ တိုင်းဒေသကြီး ၇-ခုနှင့် ဖွဲ့စည်းထား၏။ ပြည်နယ်များတွင် ဗမာလူမျိုးအတွက် ပြည်နယ်ဟူ၍ မပါရှိ။ တိုင်းဒေသကြီး ၇-ခုတွင်က ဗမာလူမျိုး အများစုနေထိုင်ရာ ထိုတိုင်းဒေသကြီး ၇-ခုသည်ပင် ဗမာလူမျိုးစု အတွက်ဟု ရည်မှန်းသော် .....၊ ဗမာလူမျိုးနှင့် ကျန်တိုင်းရင်းသား လူမျိုးတို့အကြား ( ၇း၁ ) ဖြစ်နေမည်။ တန်းတူရေးဟူသည် ပြည်ထောင်စုအတွင်း ကွယ်ပျောက်၍နေပြီ။

ပြည်နယ်များတွင် ပြည်နယ်လွှတ်တော်များ ရှိ၏။ ထိုလွှတ်တော်အတွင်း၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စေလွှတ်မည့် စစ်သားကိုယ်စားလှယ်က သုံးပုံတပုံ ပါရှိမည်။ ဤတွင် ပြည်နယ်လွှတ်တော်အတွင်း ပြဌာန်းမည့် ကိုယ်ပိုင်ပြဌာန်းမှုသည် စစ်တပ်မှ လည်မျိုညှစ်ထားခြင်း ခံနေရသော ကိုယ်ပိုင် ပြဌာန်းမှုမျိုးသာ ဖြစ်နေတော့မည်။

နိုင်ငံတော် သမတက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ ပြည်နယ် ၀န်ကြီးချုပ်အား ရွေးချယ် ခန့်အပ်မည် ဖြစ်သည်။ ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လူမျိုးများမှ ရွေးချယ်တင်မြှောက်ခြင်း မဟုတ်။ ပြည်နယ်ဝန်ကြီးအဖွဲ့သည် ပြည်နယ်၏ အုပ်ချုပ်ရေးအဖွဲ့ပင် ဖြစ်သည်။ ထိုအဖွဲ့ထဲ၌ လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာ ပြည်နယ်ဝန်ကြီး နှစ်ဦးကိုလည်း စစ်တပ်မှ သူကိုပင် ခန့်ရမည်။

မည်သို့နည်း ....... ကိုယ်ပိုင်အုပ်ချုပ်ရေးဟူသည်ကား .......။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ ချုပ်ဆိုထားရှိခဲ့သည့် ပင်လုံစာချုပ်က ..........
        - ဒီမိုကရေစီအခွင့်အရေးနှင့် ရပိုင်ခွင့်များရှိစေရမည်။
        - ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။
        - ကိုယ်ပိုင်ပြဌာန်းခွင့်ရှိစေရမည်။

ဤကား ..... ပင်လုံလမ်းကြောင်း ဖြစ်သည်။ စစ်အုပ်စု၏ အခြေခံမူ ၁၀၄-ချက်က ပင်လုံလမ်းကြောင်းနှင့် ဆန့်ကျင်ရာ လမ်းကြောင်း ဖြစ်၍နေသည်။ ပင်လုံလမ်းသို့ ချီရာ၌ စစ်အုပ်စု၏ အခြေခံမူ ၁၀၄-ချက်က အဟန့်အတား......ဓမ္မန္တရယ်တပါး .....။ ပြီးလျှင် အခြေခံမူ ၁၀၄ ချက်အား စစ်အုပ်စုက သေနတ်ကိုင်၍ စောင့်ကြပ်နေ၏။ ဤကား ..... ပင်လုံလမ်းသို့ ချီရာ၏ ဒုတိယ ဓမ္မန္တရယ် ......။

ဓမ္မန္တရယ် နှစ်ပါးအား နင်းချေကျော်လွှားပြီးမှသာလျှင် ..... ပင်လုံသို့ ရောက်မည်။ ဤတွင် ပင်လုံသည် `လှ´ နေပေလိမ့်မည်။

မင်းဟန်

 
< Prev   Next >
 
Top! Top!