| အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက် |
|
|
|
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်
ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (၁၉၄၅ ခုနှစ် သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးတွင် “ဖက်ဆစ်ဝါဒ ကမ္ဘာမှာ ပပျောက်ရေးကို ကျနော်တို့ ရည်ရွယ်ချက်ထဲမှာ ထည့်ထားတယ်။ ကမ္ဘာမှာ အဲဒီဝါဒမျိုး ကို တိုက်ဖျက်မယ့်လူတွေနဲ့ အမြဲပူးပေါင်းပြီး အခွင့်အာဏာရတိုင်း ဆောင်ရွက်ဖို့ပဲ။ အထူးသဖြင့် ကျနော်တို့ တိုင်းပြည်မှာ ဒီဝါဒမျိုး လုံးဝမရှိနိုင်အောင် လုပ်ရမယ်။ အာဏာရှင်ဝါဒ၊ လူမျိုးအချင်းချင်း မုန်းတီးရေးဝါဒ၊ ဂျပန်ပြည်မှာလို စစ်ကသာ လွှမ်းမိုးရမယ်ဆိုတဲ့ စစ်ဖက်အာဏာရှင်စနစ်၊ သက်ဦးဆံပိုင် ရှင်ဘုရင် စနစ်ဝါဒ၊ အဲဒီဝါဒမျိုး အငယ်စားဖြစ်တဲ့ ပဒေသရာဇ် မြို့စားရွာစားဝါဒ (Feudalism) အထက်ကသာ ခန့်ထားပြီး တိုင်းသူပြည်သား ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတွေနှင့် ကင်းကွာပြီး မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးတမျိုးရှိနေရင် အများပြည်သူတို့ ဆန္ဒနှင့် လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီဝါဒမျိုးတွေ ပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွပ်လပ်ရေး ဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲဒီဝါဒမျိုးအရသာ လွပ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒါမျိုးမလုပ်နိုင်ရင် ဗမာပြည်က လူတွေဟာလည်း နစ်နာမယ်။ ကျနော်တို့ ပြည်ကိုလည်း ကမ္ဘာက ကြည့်နေလို့ မရတဲ့တနေ့ ဂျပန်နဲ့ ဂျာမနီဝိုင်းပြီး အနှိမ်ခံရသလို အနှိမ်ခံရမယ်ဆိုတာ သတိချပ်ကြရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်။ ဒါဖြင့် ဒီဝါဒဟာ ဘာလဲဆိုတာကိုလည်း ရှင်းပြချင်သေးတယ်။ ကျနော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတဦးထဲက ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲနဲ့အဖွဲ့နဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ အဖွဲ့ရဲ့ဆန္ဒမဟုတ်ဘဲ ငါ့ဆန္ဒ ငါ့သဘောလုပ်တဲ့ ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ၊ အဖွဲ့ရဲ့ဆန္ဒယူပြီး အဖွဲ့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ လူမျိုးရေး တရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကို ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ဘဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုးတဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့ လူမျိုးရေး တရားမျိုးလည်း ဖြစ်ရမယ်။ ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင်ဝါဒမျိုး မရှိရအောင် စစ်ဖက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးနိုင်ခွင့်ရှိရမယ်။ |
| < Prev | Next > |
|---|







