www.mamboteam.com
အဖွင့် စာမျက်နှာ arrow ဆောင်းပါး arrow လမင်း (၅) စင်း သာမယ့်ည
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
လမင်း (၅) စင်း သာမယ့်ည Print E-mail

လမင်း (၅) စင်း သာမယ့်ည
(မဇ္ဈိမသတင်းဌာနမှ ကူးယူဖော်ပြသည်)

ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကတော့ နို့ဖိုး ဒုက္ခသည်စခန်း “စာဆိုတော်နေ့” အခမ်းအနား ဖြစ်မြောက်ရေး ကော်မီတီက၊ ဒုက္ခသည်စခန်းထဲက လူမြင်သူမြင် နေရာတွေမှာ ကပ်ထားတဲ့ ကြော်ညာတွေရဲ့ “ခေါင်းစဉ်” လေးပါပဲ။ သူတို့က “စာဆိုတော်နေ့” အခမ်းအနားမှာ လာရောက် ဟောပြောကြဖို့ ဖိတ်ကြားထားကြတဲ့ စာရေးသူ (၄) ဦးကို “လမင်း (၄) စင်း” အဖြစ် တင်စားချင်ပါတယ်တဲ့။ အခမ်းအနား ကျင်းပမယ့် ညက လပြည့်နေ့ည။ ဒါကြောင့်မို့ တကယ့် သဘာဝ “လတစင်း” နဲ့ပေါင်းပြီး “လမင်း (၅) စင်း သာမယ့်ည” ဆိုပြီး ခေါင်းစဉ် ရွေးခဲ့ကြတာပါတဲ့။ ကဗျာဆန်ပြီး ဂန္တာဝင်မြောက်တဲ့ အတွေးတခုပါပဲ။ ဒုက္ခသည်စခန်း လူထုစည်းဝေး ခန်းမဆောင်ကြီးထဲမှာ “စာဆိုတော်နေ့” အခမ်းအနား ကျင်းပခဲ့ပါတယ်။ ၂၂.၁.၂၀၀၈ (အင်္ဂါနေ့)။ မြန်မာ သက္ကရာဇ် ၁၃၆၉-ခု၊ ပြာသို လပြည့်နေ့ပေါ့။ တက်ရောက် ဟောပြောခွင့် ရခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကတော့ ပြည်ပကို ပူပူနွေးနွေး ရောက်လာတဲ့ ခရမ်းပြာမြင်းရိုင်း ကဗျာဆရာကြီး “အောင်ဝေး”၊ ကရင်အမျိုးသား စာရေးဆရာများ “ရဲဘော် ရှောင်း”၊ ကဗျာဆရာမ “ခိုင်မာကျော်ဇော” နဲ့ စာရေးသူတို့ပါပဲ။ “ရဲဘော်ရှောင်း” က “သူရဲကောင်းတို့ တိုင်းပြည်” ခေါင်းစဉ်နဲ့၊ ကိုကိုးကျွန်းမှာ နိုင်ငံရေး အကျဉ်းသမားဘ၀က၊ ကျွန်းက လှေတစင်းနဲ့ ထွက်ပြေးဖို့ ကြိုးစားတဲ့ သူ့ဘ၀ အတွေ့အကြုံကို အခြေခံပြီး ဟောပြောပါတယ်။ ကဗျာဆရာမ “ခိုင်မာကျော်ဇော” က “စာရေးဆရာ ဖြစ်ချင်တဲ့ ကျွန်မနဲ့ ကျွန်မရေးခဲ့သော စာများ” ခေါင်းစဉ်နဲ့ ပြောဟောပါတယ်။ ဆရာ “အောင်ဝေး” က “လွမ်းမိတဲ့တရား” ခေါင်းစဉ်နဲ့ လူငယ်တွေ သင်္ခါန်းစာယူကြဖို့ နမူနာ အဖြစ်အပျက်တွေကို ကဗျာတွေ စာတွေ ညှပ်ပြီး ယှဉ်ပြီး ဟောပါတယ်။ ကျနော်ကတော့ “ကဗျာဖတ်ရင် ရင်ဘတ်နဲ့ဖတ်ပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပါတယ်။ ကဗျာဆရာတွေက ရင်နဲ့ (သို့မဟုတ်) နှလုံးသားနဲ့ရေးတာကို ကဗျာ ဖတ်သူတွေကလည်း ရင်နဲ့ (သို့မဟုတ်) နှလုံးသားနဲ့ ဖတ်မှ ခံစားလို့ ရနိုင်ကြမှာ ဖြစ်ကြောင်း ပြောခဲ့ဟောခဲ့တာပါ။ အခမ်းအနားဟာ ညနေ (၅) နာရီကစပြီး ည(၁၂)နာရီမှာ ပြီးပါတယ်။

“နို့ဖိုး ဒုက္ခသည်စခန်း” ဆိုတာ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ ကီလိုမီတာ (၂၀၀)ကျော် အကွာ၊ မြန်မာနိုင်ငံ နယ်စပ်နဲ့ (၁၂) ကီလို အကွာမှာ ရှိပါတယ်။ မဲဆောက်မြို့ကနေပြီး (၆) နာရီကြာ ကားစီးပြီး သွားကြရပါတယ်။ တောအထပ်ထပ်၊ တောင်စဉ် အထပ်ထပ်ကို ဖြတ်ကျော်ပြီး ခရီးနှင်ကြရတာပါ။ တောင်ပေါ်ခရီးမှာ အကွေ့ပေါင်း တထောင်ကျော် ကွေ့ခဲ့ကြရပါတယ်။ နို့ဖိုး ဒုက္ခသည်စခန်းကို ၁၉၉၇-ခုနှစ်မှာ စတင် တည်ထောင်ခဲ့တာပါ။ အခုဆိုရင် ဒုက္ခသည်စခန်း သက်တမ်း (၁၀) နှစ်ကျော် ရှိပြီပေါ့။ ကျနော်တို့ နိုင်ငံက လူမျိုးစုံပြည်သူတွေ ဒီဒုက္ခသည်စခန်းကို ရောက်လာမစဲ တသဲသဲပါပဲ။ ဒါတောင်မှ ထိုင်းနိုင်ငံ အစိုးရက မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ၀င်မလာနိုင်အောင် နည်းမျိုးစုံနဲ့ တားဆီး ဟန့်တားထားတာပါ။ ဒုက္ခသည် နှစ်သောင်းကျော် ရှိပြီး အထက်တန်းကျောင်း၊ ဈေး၊ အားကစားကွင်း၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၄)ကျောင်း၊ ဗလီ၊ ခရစ်ယာန်ဘုရား ရှိခိုးကျောင်း၊ ဆေးရုံ အစရှိသဖြင့် ဒုက္ခသည်တွေရဲ့ လူမှုရေး လိုအပ်ချက်တွေ ဖြည့်ဆီး ပေးထားတာလည်း တွေ့ခဲ့ရပါတယ်။ တဲအိမ်လေးတွေ တခုနဲ့တခု ထိစပ်ပြီး တည်ရှိနေတဲ့ ဒီလို အခြေအနေကို တွေ့ရတော့ ကြေကွဲတာတော့ အမှန်ပဲပေါ့။ ဒါပေမယ့် ဘယ်လိုပဲ ဒုက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါစေ၊ ဇာတိပုညဂုဏ်မာနကို မချလိုက်ပဲ ဇွဲနဲ့ ဆက်လက်ကိုင်ဆွဲ ချီင်္တက်နေကြတဲ့ ကိုယ့်နိုင်ငံသားတွေကို တွေ့ရလို့လည်း တဖက်က ဂုဏ်ယူကာ အားတက်ခဲ့ရပါသေးတယ်။ အခုလို “စာဆိုတော်နေ” အခမ်းအနားမျိုးကို လူတထောင်နီးပါး တက်ရောက်တဲ့အထိ ကျင်းပနိုင်တာကို ကြည့်ရင်ပဲ ဘ၀ကို အညံ့မခံ အရှုံးမပေးပဲ လူ့ဂုဏ်သိက္ခာ၊ လူ့အသိတရား မြင့်မားထွန်းကားရေး ကျိုးပမ်းနေကြတဲ့ သူတို့ကို ကျနော် လေးစားမိပါတယ်။                          

ဒုက္ခသည်စခန်းထဲကို လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ရောက်နေကြတဲ့ ကဗျာဆရာ “ခင်လွန်း”၊ ဆရာ “မြင့်အောင်သန့်” နဲ့ သူတို့ အရင်ရောက်နှင့်နေကြတဲ့ စာပေမြတ်နိုးသူ ဆရာ “အာဘော်” တို့လို ပုဂ္ဂိုလ်တွေက စခန်းရဲ့တာဝန်ရှိသူ အဆင့်ဆင့်ကို ချဉ်းကပ်စည်းရုံးပြီး “စာဆိုတော်နေ့” အခမ်းအနား ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့ကြတာပါ။ ကျင်းပရေး ကော်မီတီ နာယက ကြီးများက စခန်းရဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ကျင်းပရေး ကော်မီတီမှာကြတော့ စာပေသမား၊ စာပေချစ်သူတွေ။ ကဗျာဆရာ “ခင်လွန်း” က အတွင်းရေးမှူးတဲ့။ ဒီအခမ်းအနားဟာ၊ နို့ဖိုး ဒုက္ခသည် စခန်းရဲ့ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ “စာဆိုတော်နေ့” အခမ်းအနားပါပဲ။ ဒါဟာ နို့ဖိုး ဒုက္ခသည် စခန်းမှာရယ်လို့ ဟုတ်မယ် မထင်ပါဘူး။ ထိုင်းမြန်မာနယ်စပ်၊ ဒုက္ခသည် စခန်း (၉)ခုမှာ ရှိတဲ့အနက်၊ ဒီတကြိမ်ဟာ ဒုက္ခသည်စခန်း အားလုံးရဲ့ ပထမအကြိမ်ကျင်းပတဲ့ “စာဆိုတော်နေ့” အခမ်းအနားပဲ ဖြစ်တယ်လို့ ယူဆရပါလိမ့်မယ်။ စာရေးဆရာ၊ ကဗျာဆရာ ဧည့်သည် (၄) ဦးအတွက် “စာဆိုတော်နေ့” အခမ်းအနား ကျင်းပရေး ကော်မီတီက စီစဉ်ပေးထားတဲ့ နေရာထိုင်ခင်းနဲ့၊ ကျွေးမွေး ဧည့်ခံရေး အစီအစဉ်ကလည်း အဆင်ပြေပါတယ်။ ဆရာ “ရဲဘော်ရှောင်း” ဟာ ဒုက္ခသည် စခန်းထဲက သူ့သမီး ဖြစ်သူဆီမှာ၊ တခါ- ကဗျာဆရာ “ခိုင်မာကျော်ဇော” က ရွာထဲက သူ့မိတ်ဆွေတွေဆီမှာ …။ (ဆရာမက လွန်ခဲ့တဲ့ (၁၀)နှစ်က ဒီဒုက္ခသည် စခန်းထဲမှာပဲ ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ရဖူးသူ ဖြစ်တယ်လို့ ဟောပြောပွဲညက ထည့်ပြောသွားခဲ့ပါတယ်။) ကျနော်နဲ့ ဆရာ “အောင်ဝေး” ကတော့၊ ကျင်းပရေး ကော်မီတီက နေရာချထားပေးတဲ့ ကျင်းပရေး ကော်မီတီ တာဝန်ခံ ဆရာ “အာဘော်” ရဲ့ ယောက္ခမအိမ်မှာ။ (ကျနော်တို့ တည်းခိုနေထိုင်ခဲ့စဉ်က ဆရာအာဘော်ရဲ့ ယောက္ခမက၊ ခရီးထွက်နေလို့ အဲဒီအိမ်မှာ ဘယ်သူမှ မရှိပဲ ကျနော်တို့တတွေ လွတ်လပ်ချမ်းမြေ့စွာ နေထိုင်ခွင့်ရခဲ့ပါတယ်။)

အခမ်းအနား ဖြစ်မြောက်ရေးမှာ၊ ထိုင်းအာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိဖို့ ချဉ်းကပ်ရတဲ့ကိစ္စဟာ မသေးငယ်လှပါဘူး။ ဒီတာဝန်ကိုတော့ ဒီစခန်းထဲမှာ လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ရောက်နှင့်နေတဲ့ ကဗျာဆရာ “စွမ်းမြိုင်” က တာဝန် ယူခဲ့ရတာပါ။ ဟောပြောပွဲညက လမ်းလျှောက် စကားပြောစက် တဂွီဂွီနဲ့ ခန့်ခန့်ထည်ထည်နဲ့ ၀မ်းမြောက် ဂုဏ်ယူနေဟန်ရှိတဲ့ သူ့ကို ကျနော် တွေ့ခဲ့ရပါတယ်။ သူဟာ ဧည့်သည် စာရေးဆရာ၊ ကဗျာဆရာတွေကို မဲဆောက်မြို့အထိ လာရောက် ကြိုဆိုခဲ့ပြီး ပြန်တော့လည်း မဲဆောက်မြို့အထိ လိုက်လံ ပို့ဆောင်ရင်း အပင်ပမ်းခံခဲ့ရှာလို့ ကျနော်တို့ ဧည့်သည်တွေ သူ့ကို ကျေးဇူးတင်လို့ မဆုံးခဲ့ပါဘူး။ ဟောပြောပွဲ ညတုန်းက “လ” ရောင်ကို ထွက်ထွက်ကြည့်ရတာလည်း အမောပါပဲ။ ကျင်းပရေး ကော်မီတီက စီစဉ်ပေးထားတဲ့၊ ခဏတဖြုတ် ထိုင်ပြီး အနားယူလို့ရတဲ့ ဘန်ဒါပင်လေး အောက်မှာ လရောင်ကို မော့ကြည့်ပြီး၊ ခန်းမဆောင်ထဲက ဆရာ “အောင်ဝေး” ရဲ့ ဟောပြောမှုကို ကျနော် နားထောင်မိတယ်။ တက်ရောက်လာတဲ့ စာပေချစ်သူတွေ၊ ရဟန်း သံဃာတော်တွေရဲ့ စာပေချစ်စိတ်ဟာ အတိုင်းအဆမရှိ မြင့်မားလှပါတယ်။ နို့ဖိုး ဒုက္ခသည်စခန်းကို ရောက်တဲ့အချိန်ကစပြီး၊ စခန်းက ပြန်လည် ထွက်ခွါတဲ့ အချိန်အထိ၊ ဧည့်သည်တွေရဲ့ လိုအပ်သမျှ ကိစ္စအ၀၀ကို ဖြည့်ဆည်း ဆောင်ရွက်ပေးကြတဲ့ ဆရာ “၀မ်းသာ”၊ ဆရာ “သစ္စာ”။ အခမ်းအနား ပြင်ဆင်မှု လုပ်ငန်းကို နေ့မအား ညမအား ဆောင်ရွက် ပေးခဲ့ကြတဲ့ ပန်းချီဆရာလေး “ကိုတင်ကိုဦး” နဲ့ ဆရာလေး “ကိုဖြူဖွေး” အပါအ၀င်၊ ၀ိုင်းဝန်း ကြိုးပမ်းကြသူ အားလုံးအဖို့၊ “စာဆိုတော်နေ့” အခမ်းအနား လှပအောင်မြင်စွာ ကျင်းပလိုက်နိုင်လို့ ပင်ပမ်းတဲ့ကြားက အမော ပြေနိုင်ခဲ့ပြီလို့ပဲ ကျနော် ယူဆမိပါတယ်။ နို့ဖိုး ဒုက္ခသည်စခန်းမှာ ကျင်းပတဲ့ ပထမအကြိမ်မြောက် “စာဆိုတော်နေ့” အခမ်းအနားညဟာ တကယ့်ကို လမင်း (၅) စင်း သာတဲ့ ညလို့ပဲ တင်စား ပြောဆိုကြရမှာပါပဲ။

 
< Prev   Next >
 
Top! Top!