| အဲန်အယ်လ်ဒီက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အမြင်ချင်းဖလှယ်ဖို့ ကမ်းလှမ်း |
|
|
|
အဲန်အယ်လ်ဒီက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အမြင်ချင်းဖလှယ်ဖို့ ကမ်းလှမ်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က တိုင်းရင်းသား အဖွဲ့အစည်းတချို့က ပါတီအပေါ်မှာ အမြင်သဘောထား ကွဲလွဲမှုတွေ ရှိနေတယ်ဆိုရင် ဆွေးနွေးညှိနှိုင်းနိုင်ကြောင်း၊ အဲန်အယ်လ်ဒီအနေနဲ့လည်း ဒီလိုဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။ ရှေ့တပတ်ထဲမှာ ကျရောက်တော့မယ့် ပြည်ထောင်စုနေ့မတိုင်ခင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်တွေပြသဖို့ ကမ်းလှမ်း လိုက်တဲ့အကြောင်းကို ကိုအောင်လွင်ဦးက ဆက်ပြောပြပေးပါဦး။ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ အပါအ၀င်၊ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ရဲ့ တိုင်းရင်းသားအရေးအပေါ် ရပ်တည်ချက်နဲ့ပတ်သက်လို့ သံသယတွေရှိနေရင် ဆွေးနွေးပြောဆိုဖို့ ကမ်းလှမ်း လိုက်တာပါ။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာအီဘရာဟင် “ကျနော်တို့ နိုဝင်ဘာလဆန်း ၈ ရက်နေ့ရက်စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပြန်ချက်တခုလုပ်တယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တိုင်းရင်းသားအရေးတွေကိုလည်း သူ့အနေနဲ့ တာဝန်ရှိတယ်ဆိုပြီး နိုင်ငံရေးသမားတယောက် အနေနဲ့ တခြားလူအတွက် အကျိုးစီးပွားတွေကို အလေးအနက် စဉ်းစားထားတယ်၊ ဖော်ပြထားတယ်။ ဒါနဲ့ပတ်သက်ပြီး အစိုးရသတင်းစာထဲမှာ တချို့လည်း တိုင်းရင်းသားပါတီတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ ကန့်ကွက်ကြောင်း၊ သဘောထားအမြင်မတူကြောင်း အဲသလို ဖော်ပြကြတယ်။ “အဲဒီလိုဖော်ပြတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဒီလို အယူအဆမတူတာ၊ ပြောဆိုတာ၊ ကန့်ကွက်တယ်ဆိုတာ ဒီမိုကရေစီကျင့်စဉ်လို့ နားလည် သဘောပေါက်ထားတယ်။ အလားတူပဲ နှစ်ဦးနှစ်ဖက်ဆွေးနွေးခြင်းကလည်း ဒီမိုကရေစီ အနှစ်သာရဖြစ်တယ်လို့ သဘောပေါက်တယ်။ ဒါကြောင့် အထွေထွေအတွင်းရေးမှူးရဲ့ ကြေညာချက်အပေါ်မှာ သဘောထားအမြင်မတူတဲ့ အချို့သော တိုင်းရင်းသားပါတီ အဖွဲ့အစည်းများအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လာရောက်ဆွေးနွေးနိုင်တယ်လို့ ဖိတ်ခေါ်တဲ့ ကြေညာချက် ဖြစ်ပါတယ်” အန်ကယ်တို့က အခုမှ ဒီဟာကိုထုတ်တာ အကြောင်းရှိလား၊ ကျနော်နားလည်ထားတာက တိုင်းရင်းသားတွေဘက်က တုံ့ပြန်ထားတာ ကြာပြီကိုး။ “ကြာပြီဆိုပေမယ့် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် စတိတ်မင့်အပေါ်မှာ မူတည်ပြီး ကျနော်တို့ နောက်ဆုံးအကြိမ်တွေ့တဲ့အချိန်မှ ဒီလိုဆွေးနွေးဖို့ အချိန်ရပါတယ်။ ဒါကြောင့် ဒီဆွေးနွေးပြီး ဒီကြေညာချက်ကို ထုတ်တာပါ။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေက မိမိတို့ရဲ့ လွတ်လပ်တဲ့ဆန္ဒနဲ့ ပါဝင်ဆွေးနွေးတဲ့၊ မြန်မာနိုင်ငံအကျိုးစီးပွားအတွက် ပါဝင်ဆွေးနွေးပြီး သုံးဦးသုံးဖလှယ် ဆွေးနွေးခြင်းဖြင့် မြန်မာနိုင်ငံအရေးကို ပြေလည်အောင်ဆောင်ရွက်နိုင်မယ်လို့ ယူဆတယ်။ ဒီယူဆချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆွေးနွေးပွဲမှာ တင်ပြထားပါတယ်။ “အဲတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမြင်က မြန်မာနိုင်ငံရေးမှာ တိုင်းရင်းသားတွေက စောနိုင်သမျှ စောစွာပါဝင်ရမယ်။ ဒါဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အရေးကြီးပါတယ်လို့ ကျနော် အဲလိုပြောချင်ပါ တယ်” တိုင်းရင်းသားအဖွဲ့အစည်းတချို့က အဲန်အယ်လ်ဒီအပေါ် သဘောထားကွဲလွဲမှုတွေရှိနေရင် ဆွေးနွေးကြဖို့ ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်ကမ်းလှမ်းလိုက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ အဲန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပြခဲ့တာပါ။ တိုင်းရင်းသားအရေးကို အဲန်အယ်လ်ဒီက ဦးစားပေး ရှေ့တန်းတင်ထားရုံသာမက တိုင်းပြည်မှာလိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်လည်း အလေးအနက်ထား ဆောင်ရွက်နေတယ် လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေထဲက တစိတ်တပိုင်းအဖြစ် လာမယ့်အင်္ဂါနေ့မှာ ကျရောက်မယ့် ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ် အဲန်အယ်လ်ဒီက ကမကထလုပ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှစ် ၂၀၀၈ ခေါင်းစဉ်နဲ့ စာစီစာကုံးပြိုင်ပွဲတခုကို ရန်ကုန်၊ မန္တလေးမြို့တွေမှာ မနက်ဖြန်ကစလို့ ကျင်းပသွားမယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။ |
| < Prev | Next > |
|---|











