| ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရုပ်ရှင်ရိုက်ကူးမည် |
|
|
|
ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရုပ်ရှင်ရိုက်ကူးမည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို နာမည်ကျော် အီတလီ ရုပ်ရှင်ဒါရိုက်တာ ဂွတ်ဆပ် တော်နာတိုးက အင်္ဂလိပ်ဘာသာဖြင့် ရိုက်ရှင် ရိုက်ကူးရန် စီစဉ်လျက်ရှိသည်။ တော်နာတိုးက "The Lady" ဟု အမည်ပေးထားသော အဆိုပါရုပ်ရှင်ကားကို ဂျပန်လူမျိုး ထုတ်လုပ်သူ နာအိုဖုမိ အိုကာမိုတိုနှင့် ယခုနှစ် နှောင်းပိုင်းတွင် ရိုက်ကူးမည်ဖြစ်သည်။ အိုကာမိုတိုနှင့်အတူ ဟောလီးဝုဒ်နာမည်ကြီး ထုတ်လုပ်သူများဖြစ်သည့် အာဗီ အာရဒ်၊ စတီဗင် ပေါလ်နှင့် ဘန်နက်ဒစ် ကာဗာတို့က ပူးပေါင်းပါဝင်ကာ ယင်းရုပ်ရှင်ကားကို ခရစ်စတဲလ် စကိုင်း ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း (၃၀) အကုန်ကျခံရိုက်ကူးမည်ဖြစ်သည်။ အိုကာမိုတိုက ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံဖူးသူဖြစ်ပြီး သူမ၏အကြောင်းကို ရုပ်ရှင်ရိုက် ကူးရန် ခွင့်ပြုချက်ရရှိခဲ့သူဖြစ်သည်။ ၎င်းက “မိသားစုတစုရဲ့ မိခင်အဖြစ်ထက် တိုင်းပြည်တပြည်ရဲ့ မိခင်အဖြစ်ရွေးချယ်ခဲ့တဲ့ အမျိုးသမီးတယောက်ရဲ့ အကြောင်းကို နိုင်ငံရေးအခြေအနေတွေ နောက်ခံအဖြစ်ထားပြီး ကျနော်တို့ ရိုက်ကူး ချင်ပါတယ်” ဟု ပြောသည်။ ဟောလီးဝုဒ်နာမည်ကြီး ထုတ်လုပ်သူတဦးဖြစ်သည့် အာဗီအာရဒ်အနေဖြင့် Spider-Man နှင့် X-Men ကဲသို့သော အံ့ဖွယ်သူရဲကောင်းဇာတ်ကားများကို ထုတ်လုပ်ခဲ့သူဖြစ်သည်။ ၎င်းက “ပထမတော့ ဒီရုပ်ရှင်ကားမျိုးက ကျနော်ထုတ်လုပ်ရိုက်ကူးတဲ့ ရုပ်ရှင်ကားမျိုး မဟုတ်ဘူး လို့ထင်မိတယ်။ ဒါပေမယ့် ကျနော် သတိပြုမိတာက ကျနော့်အတွက် စုကြည်ဟာ X-Men လို ဇာတ်ကောင်မျိုးဖြစ်တယ်၊ သူဟာ တကယ့်သူရဲကောင်းအစစ်အမှန် တယောက်ဖြစ်တယ်။ စိတ်ကူး ယဉ်ဖန်တီးထားတဲ့ သူရဲကောင်းမဟုတ်ဘူး” ဟု ပြောသည်။ အင်္ဂလိပ်စကားပြောဖြင့်ရိုက်ကူးမည့် The Lady ဇာတ်ကားတွင် ၁၉၈၈ ခုနှစ်၌ အသက် (၄၃) နှစ် အရွယ်ရှိ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံသို့ ပြန်လာသည့်ဖြစ်စဉ်မှစ၍ ယခုလက်ရှိ အခြေ အနေအထိ ရိုက်ကူးမည်ဖြစ်သည်။ |
| < Prev | Next > |
|---|






