| မစ္စတာဘန်ကီမွန်းပြောဆိုချက်ကို အဲန်အယ်လ်ဒီကြိုဆို |
|
|
|
မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲရေး ကမ္ဘာက စိတ်မရှည်နိုင်တော့ဟု မစ္စတာဘန်ကီမွန်းပြောဆိုချက် အဲန်အယ်လ်ဒီကြိုဆို ဗွီအိုအေ မြန်မာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာစစ်အစိုးရအပေါ် ဒီမိုကရေစီရေး ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘာက စိတ်မရှည်နိုင်အောင် ဖြစ်နေပြီလို့ သတိပေးပြောဆိုလိုက်တဲ့အပေါ် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့အရေး အလေးထားပြောဆိုချက်အဖြစ် ကြိုဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရောက်နေတုန်း မြန်မာ့အရေးနဲ့ပတ်သက်ပြီး အခုလို သတိပေးပြောဆိုလိုက်တဲ့အပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ)က ကြိုဆိုလိုက်တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေကို အဲန်အယ်လ်ဒီက အစဉ်တစိုက် လက်ခံခဲ့တာဖြစ်သလို အခုလို ကြုံတုန်းကြုံခိုက် မြန်မာ့အရေးပြောဆိုခဲ့တာဟာ စိတ်အားထက်သန်မှုကို ပြသရာရောက်ပါတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။ “ကျနော်တို့ပြောချင်တာကတော့လေ၊ ကျနော်တို့ အစကတည်းကလည်း ပြောခဲ့ဘူးပါတယ်။ ကုလသမဂ္ဂက နေပြီးတော့ မြန်မာနိုင်ငံ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ ဖြစ်စေချင်တဲ့ကိစ္စတွေ ပြောထားတာတွေ ရှိတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်ရင် ကျနော်တို့ ဟိုတုန်းကလည်း ကြိုဆိုပါတယ်၊ ထောက်ခံပါတယ်။ အခု မစ္စတာဘန်ကီမွန်း အနေနဲ့လည်း ဒီဟာကို ဆက်လက်အကောင်အထည်ဖော်ဖို့ စိတ်အားထက်သန်တာ တွေ့ရတဲ့အတွက် ကျနော်တို့ ကြိုဆိုပါတယ်လို့ အဲဒါလောက်ပဲ ပြောချင်ပါတယ်”။ တကယ်တော့ အဲန်အယ်လ်ဒီခေါင်းဆောင် ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ဆိုပြီး စစ်အစိုးရဘက်က ဆက်ဆံရေးဝန်ကြီးတဦးကိုတောင်ခန့်အပ်ပြီး အကြိုစကားပြောဆိုမှု တွေတောင် လုပ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ ဒီလိုအကြိုပြောဆိုမှုတွေ အမြန်အဆုံးသတ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ပြောဆိုမှုတွေလုပ်ဖို့ တိုက်တွန်းထားတာပါ။ ဒါပေမယ့်လည်း ဒါတွေက အခုထိတော့ အကောင်အထည် မပေါ်သေးဘဲ ဆွေးနွေးမှုတွေကလည်း ခပ်ကျဲကျဲဖြစ်နေလို့ စိတ်မရှည်နိုင်ဖြစ်နေကြရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် အခုလို ကမ္ဘာက စိတ်မရှည်နိုင်တော့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုလာတဲ့ အထိဖြစ်လာတာပါ။ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း... “ကျနော်တို့အမြင်က ဒီဟာနဲ့ ပတ်သက်ပြီးတော့ ရပ်ဆိုင်းတဲ့အခြေအနေ လို့တော့ မထင်ဘူးလေ။ အဲတော့ ဒါကတော့ ဒီ process (လုပ်ငန်းစဉ်) ကတော့ သွားနေတယ်ပေါ့။ အဲတော့ ဒီထက် ပိုပြီးတော့ မြန်သင့်တယ်လို့တော့ ကျနော်တို့ အဲဒီလိုပဲ ယူဆပါတယ်”။ အဲန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ဖြစ်ပါတယ်။ နှစ်ဖက်အကြား တွေ့ဆုံ ဆွေးနွေးမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံတယ်ဆိုတဲ့ သတင်းမျိုးလည်း မကြားရသေးသလို လောလောဆယ်မှာ မြန်မာစစ်အစိုးရဘက်က အဲန်အယ်လ်ဒီကို တွေ့ဖို့ဆုံဖို့ကိစ္စ တစုံတရာ ဆက်သွယ်အကြောင်းကြားတာမျိုးလည်း မရှိသေးဘူးလို့ ဦးဥာဏ်ဝင်းက ပြောသွားပါတယ်။ |
| < Prev | Next > |
|---|






