| တွေ့ဆုံဆွေးနွေးရေး မလုပ်နိုင်လျှင် နအဖကိုဖယ်ရှားချိန်တန်ပြီးဟု အမေရိကန်သမ္မတကတော် သတိပေးပြောကြား |
|
|
|
ဒီဗွီဘီ တွေ့ဆုံဆွေးနေနွေးရေး အမြန်မလုပ်နိုင်ရင် နအဖစစ်အစိုးရကို ရာထူးကဖယ်ရှားချိန်တန်ပြီလို့ အမေရိကန် သမ္မတကတော်လော်ရာဘုရှ်က တောင်းဆိုလိုက်ပါတယ်။ မနေ့ည ကမ္ဘာ့လူ့အခွင့်အရေးနေ့ ဗွီဒီယိုသတင်းကွန်ဖရင့်မှာ လော်ရာဘုရှ်က ဒီလိုပြောကြားတာဖြစ်ပါတယ်။ နအဖကို သည်းမခံ နိုင်ကြတော့ဘူးလို့ ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းက မနေ့က သတိပေးပြီးနောက် ဆက်တိုက် ထွက်ပေါ်လာတဲ့ သတိပေးချက်ဖြစ်ပါတယ်။ စစ်အစိုးရအနေနဲ့ လေးနက်တဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မစ္စစ်ဘုရှ်က ပြောကြားပါတယ်။ “ဒီလောက်အခြေံကျတဲ့ အချက်တွေကိုမှ ဖြည့်ဆည်းမပေးနိုင်ဘူးဆိုရင် လွတ်လပ်ပြီး ဒီမိုကရေစီရှိတဲ့ မြန်မာပြည် ဖြစ်ပေါ်လာရေး လမ်းရှင်းပေးဖို့အတွက် ဗိုလ်ချုပ်မှူးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးတွေ ဘေးဖယ်ချိန်တန်ပြီ။” ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေဘက်က ဆွေးနွေးပွဲလုပ်မယ်လို့ ပြောထားတဲ့အချက်ကို တကယ် လေးနက်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မဲ့ လွတ်ပြီး သံတမန်တွေ၊ နိုင်ငံရေးအဖွဲ့စည်းတွေနဲ့ လွတ်လပ်စွာ တွေ့ခွင့်ပေးသင့်တယ်လို့ မစ္စစ်ဘုရှ်က ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်း လွှတ်ပေးမှသာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ဘယ်လိုအဖြေ ရှာနိုင်မလဲဆိုတာကို သူတို့ နည်းဗျူဟာရှာနိုင်မှာပါ။ သမ္မတဘုရှ်နဲ့ ကျမတို့က ကမ္ဘာ့နိုင်ငံအားလုံး၊ အထူးသဖြင့် မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကို တိုက်တွန်းလိုပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေး အတွက် သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းတွေကို ထုတ်သုံးကြစေချင်ပတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီရေးနဲ့ တရားမျှတရေး အတွက် သတ္တိရှိရှိရပ်တည်နေတဲ့ ပြည်သူတွေဘက်က ကျမတို့ရပ်တည် တယ်။” မြန်မာစံတော်ချိန် မနေ့ည (၉)နာရီခန့်မှာ စတင်တဲ့ ဗွီဒီယိုကွန်ဖရင့်မှာ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ခရစ္စတိုဖာဟေးလ်၊ မြောက်ကိုးရီးယားဆိုင်ရင် အမေရိကန်သံအမတ် ဂျင်မ်ဂျက်ဖရီ၊ ကုလသမဂ္ဂ လုံခြုံရေးကော်စီ အမျိုးသားလုံခြုံရေးဌာန ဒုတိယအကြီးအကဲ ဒဲနစ္စ၀ိုင်းလ်ဒါး၊ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ မယ်တော် ဆေးခန်းက ဒေါက်တာစင်သီယာမောင်၊ ထိုင်းနိုင်ငံရှိ မြန်မာ့နိုင်ငံရေးသမားတွေ စသူတို့နဲ့ နိုင်ငံတကာ သတင်းထောက်အချို့ ပါဝင်ဆွေးနွေးပါတယ်။
|
| < Prev | Next > |
|---|






