www.mamboteam.com
အဖွင့် စာမျက်နှာ arrow သတင်း arrow အထွေထွေ arrow (၄၉) ကြိမ်မြောက် ပြည်ထောင်စုနေ့မိန့်ခွန်း
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
Latest News
(၄၉) ကြိမ်မြောက် ပြည်ထောင်စုနေ့မိန့်ခွန်း Print E-mail
(၄၉) ကြိမ်မြောက် ပြည်ထောင်စုနေ့တွင် ပြောကြားသော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မိန့်ခွန်း


၁၃၅၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၉)ရက်။
၁၉၉၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်။


၁။ ဒီနေ့ဟာ ပြည်ထောင်စုစိတ်ဓါတ်လို့ခေါ်ရမယ့် ပင်လုံစိတ်ဓါတ် ထာဝရ ရှင်သန်ရေး အတွက် အစဉ်တစိုက် ကြိုးပမ်းသွားပါစို့လို့ ကျမတို့အားလုံး ခိုင်ခိုင်မာမာ ပြည်လည်သန္နိဌာန် ချရမယ့်နေ့ ဖြစ်ပါတယ်။ ပင်လုံစိတ်ဓါတ်ဆိုတာကတော့ တိုင်းရင်းသားများတန်းတူရေးနှင့် တန်းတူရေးကိုအခြေခံသည့် ညီညွတ်ရေးကို ရှေ့ရှုတဲ့ စိတ်ဓါတ်ကို ဆိုလိုတာပါ။

၂။ ပင်လုံစိတ်ဓါတ် ရှင်သန်ဖို့ရာ ပြည်ထောင်စုတိုင်းရင်းသား အချင်းချင်းအကြား တစ်ဦးပေါ် တစ်ဦး ယုံကြည်လေးစားမှု ရှိရပါလိမ့်မည်၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှုရှိနိုင်ဖို့ရာ တိုင်းရင်းသား လူမျိုးများ လူမျိုးစုများအားလုံး အနေနဲ့ မိမိတို့ရဲ့စိုးရိမ်ချက်တွေ မိမိတို့ရဲ့မျှော်မှန်းချက်တွေကို ပွင့်ပွင့် လင်းလင်း ထုတ်ဖေါ်တင်ပြပြီး ပြည်ထောင်စုအတွင်း ငြိမ်းချမ်းချစ်ကြည်ရေး တည်တံ့ခိုင်မြဲစေနိုင်ဖို့ လုပ်ဆောင်သင့်တဲ့ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းပြီး ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

၃။ ဒီလိုဆွေးနွေးပိုင်ခွင့်နှင့် လုပ်ဆောင်ပိုင်ခွင့်ကို အာမခံနိုင်မယ့် နိုင်ငံရေးစနစ်တစ်ရပ် ကျမတို့နိုင်ငံမှာ အထူးတလည် လိုအပ်နေပါသည်။ ဒါကြောင့် ပြည်ထောင်စုသားအားလုံးရဲ့ စည်းလုံးညီညွတ်ရေးနှင့် ကုလသမဂ္ဂပြဌာန်းထားတဲ့ လူ့အခွင့်ရေးတွေကို အပြည့်အ၀ကာကွယ် ပေးမယ့် စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့ဟာ ဒင်္ဂါးပြားရဲ့ ခေါင်းနဲ့ပန်းလို ခွဲမရတဲ့အရေး ဖြစ်ပါတယ်။

၎။ တိုင်းရင်းသားများအကြားရှိစေတဲ့ ပြဿနာတွေကို ဘယ်တော့မှ လက်နက်နည်းဖြင့် ဖြေရှင်းလို့ရမည်မဟုတ် နိုင်ငံရေးနည်းနှင့်သာ ဖြေရှင်းနိုင်မယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အခိုင်အမာ ရပ်တည်ချက် ဖြစ်ပါတယ်။ ညီညွတ်ရေးဆိုတာ လက်နက်အင်အား၊ အမိန့်အာဏာတို့ နှင့် ရယူနိုင်တဲ့ အရာမျိုးမဟုတ်ပါဘူး။ နှလုံးသားမှာပေါက်ပွားလာတဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်း ကူညီချင်စိတ် ချစ်ချစ်ခင်ခင်လက်တွဲပြီး အနာဂါတ်ကို အတူရင်ဆိုင်ချင်စိတ်တွေနှင့်သာ ခိုင်မာ တည်မြဲမယ့် ညီညွတ်ရေးကို ဆောက်တည်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုညီညွတ်ရေးရဖို့ ကျမတို့အားလုံး ဆက်လက်ပြီးစွမ်းစွမ်းတမံ ကြိုးစားသွားဖို့ လိုပါလိမ့်မယ်။

၅။ မြန်မာနိုင်ငံသမိုင်းသလျှောက် တိုင်းရင်းသားတွေကြား ဖြစ်ပေါ်ခဲ့တဲ့ သံသယစိတ်တွေ မကျေနပ်မှုတွေ ပျောက်ကင်းသွားနိုင်ဖို့ရာ ပွင့်လင်းဖြောင့်မတ်ပြီး အများက ယုံကြည်ကိုးစားနိုင်မယ့် သိက္ခာရှိတဲ့ နိုင်ငံရေးအလေ့အကျင့်တွေ လိုအပ်ပါတယ်။ သံသယစိတ်တွေ မကျေနပ်မှုတွေ လုံးဝကင်းစင်သွားဖို့ အချိန်ယူလုပ်ကြရမှာ ဖြစ်ပါတယ် စကားနဲ့ချည်းပဲမဟုတ်ပဲ အလုပ်နှင့်ပါ တိုင်းရင်းသားအားလုံးရဲ့ စိတ်ချမ်းသာကိုယ်ချမ်းသာမှုကို ဦးတည်တယ်ဆိုတာ အထင်အရှား ပြနိုင်မှသာ ပြည်ထောင်စု တည်တံ့တိုင်မြဲရေးအတွက် အမှန်တကယ် ဆောင်ရွက်ရာ ရောက်ပါလိမ့်မယ်။

၆။ ပြည်ထောင်စုသားများအားလုံး စည်းလုံးညီညွတ်ရေးအတွက် ပထမဦးဆုံး လက်တွေ့ အကောင်အထည်ဖေါ်ရမယ့် အရေးကြီးဆုံး လုပ်ငန်းကတော့ ပင်လုံစိတ်ဓါတ်ပြည့်ဝတဲ့ ပွင့်လင်းလွတ်လပ်တဲ့ အမျိုးသားပြည်လည် ရင်ကြားစေ့ရေးကို ဦးတည်တဲ့ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ညီလာခံကြီးတစ်ရပ် ကျင်းပရေးပဲ့ဖြစ်ပါတယ်။ ဒီလို ညီလာခံကြီးဖြစ်ပေါ်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစဉ်အစိုက် လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

၇။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားများအရေးနဲ့ စပ်လျဉ်းတဲ့ သဘောထားကို အများသိနိုင်ဖို့ ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ သဘောထား ကြေညာစာတမ်းထဲမှာ ပြည်ထောင်စုသားအားလုံး စည်းလုံးညိညွတ်ရေးအတွက် မဖြစ်မနေ နိုင်ငံတော်ဖွဲ့စည်းအခြေခံ ဥပဒေမှာ ပါသင့်တယ်လို့ယူဆရတဲ့ အချက်အလက်တွေကို ထည့်သွင်းထားပါသည်။ ဒီအချက် အလက်တွေဟာ ပြည်ထောင်စု တည်တဲ့ခိုင်မြဲရေးအတွက် လိုအပ်တဲ့ အနည်းဆုံး အာမခံချက်တွေလို့ဆိုရင် မှားမယ်မထင်ပါဘူး။

၈။ ဒီနေရာမှာ အလေးအနက်ထားပြီး ပြောချင်တာကတော့ အမှန်စင်စင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ အဖွဲ့အစည်းတစ်ခုတည်းက ကြိုက်သလိုရေးဆွဲအပ်တာ မဟုတ်ပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်တဲ့ ကိစ္စအ၀၀ကို အထက်မှာဖေါ်ပြခဲ့တဲ့ ပင်လုံစိတ်ဓါတ်ကို အခြေခံတဲ့ အမျိုးသားညီလာခံမှာ ဆွေးနွေးပြီး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးရဲ့ သဘောတူဆုံးဖြတ်ချက်နှင့်အညီ လုပ်ဆောင်ဖို့ ကျမတို့ လိုလားပါတယ်။

၉။ အဖွဲ့ချုပ်သဘောထား ကြေညာစာတမ်းများပါတဲ့ အချက်အလက်ဟာ နိုင်ငံသူ နိုင်ငံသားတွေ ကျေကျေနပ်နပ် လက်ခံနိုင်မယ့် ပြည်ထောင်စုပုံသဏ္ဍာန် ဖော်ထုတ်ရေးကို အထောက်အကူပြုမယ်လို့ ယုံကြည်ရတဲ့ အချက်တွေဖော်ပါတယ်။ လူတဦးတစ်ယောက် အဖွဲ့အစည်းတဖွဲ့ လူမျိုးတမျိုးကိုဝန်းရံတဲ့ ပြည်ထောင်စုမျိုးမဟုတ်ဘဲ ပြည်သူအများလက်ခံမယ့် တန်းတူရည်တူရေးနဲ့ ညီညွတ်ရေးကိုအခြေခံတဲ့ ပြည်ထောင်စုမျိုးကို ရှေ့ရှုတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအထဲပါရမယ့် အချက်အလက်အားလုံးကို နောက်ဆုံးတော့ အများပြည်သူ ကိုယ်စားပြုတဲ့ ညီလာခံမျာသာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

၁၀။ အဖွဲ့ချုပ်သဘောထား ကြေညာစာတမ်းမှာပါတဲ့ အချက်အလက်ဟာ နိုင်ငံသူနိုင်ငံသား တွေ ကျေကျေနပ်နပ် လက်ခံနိုင်မယ့် ပြည်ထောင်စုပုံသဏ္ဍာန် ဖေါ်ထုတ်ရေးကို အထောက်အကူ ပြုမယ်လို့ ယုံကြည်ရတဲ့ အချက်တွေဖြစ်ပါတယ်။ လူတဦးတယောက် အဖွဲ့အစည်းတဖွဲ့ လူမျိုးတမျိုးကိုဝန်းရံတဲ့ ပြည်ထောင်စုမျိုးမဟုတ်ဘဲ ပြည်သူအများ လက်ခံမယ့် တန်းတူရည်တူရေးနဲ့ ညီညွတ်ရေးကိုအခြေခံတဲ့ ပြည်ထောင်စုမျိုးကို ရှေ့ရှုတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအထဲပါရမယ့် အချက်အလက်အားလုံးကို နောက်ဆုံးတော့ အများပြည်သူ ကိုယ်စားပြုတဲ့ ညီလာခံမှာသာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

၁၁။ နိုင်ငံသူနိုင်ငံသားများ ယုံကြည်လက်ခံနိုင်တဲ့ ပြည်ထောင်စုကို အကောင်အထည် မဖေါ်နိုင်သေးမှီ လောလောဆယ် ပြည်ထောင်စုသားများအကြား အပြန်အလှန်နားလည်မှု ချစ်ခင်လေးစားမှု ဖြစ်ပေါ်ကြီးထွားရေးအတွက် ကျမတို့တတ်အားသမျှ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ လိုပါတယ်။ တိုင်းရင်းသားပြည်သူ အချင်းချင်းအကြား လွတ်လပ်ရေးရချိန်မှစပြီး ပေါက်ဖွားလာတဲ့ လက်နက်ကိုင် ပဋိပက္ခအများစုဟာ အခုအခါမှာ ယာယီပြေငြိမ်းရပါတယ်။ ဒါပေမယ့် ထားဝရ တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးရဖို့ အဖက်ဖက်က အများကြီး ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

၁၂။ ပြည်ထောင်စုသားအားလုံးအကြား ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေးတိုးပွားအောင် လူများစုဖြစ်တဲ့ဗမာတွေ အထူးကြိုးပမ်းဖို့ တာဝန်ရှိတယ်ဆိုတာ ငြင်းမရတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကို ဗမာများက လက်ခံကြရမှာပါ။ တချိန်တည်းမှာပဲ ဗမာတွေဟာလည်း ပြည်ထောင်စု တိုင်းရင်းသားတွေထဲမှာ ပါဝင်နေတဲ့ လူမျိုးတစ်မျိုးဖြစ်ပြီး တစ်ခြားတိုင်းရင်းသားတွေလိုပဲ စိုးရိမ်ချက်တွေ မျှော်မှန်းချက်တွေ လိုအပ်ချက်တွေရှိတယ်ဆိုတာ တိုင်းရင်းသား ညီအကို မောင်နှမတွေ မမေ့ဖို့ရာကိုလည်း မေတ္တာရပ်ခံပါရစေ။ အခုအခါမှာ အထင်အရှားတွေ့နေရတဲ့ ဗမာလူမျိုးတွေရဲ့ လိုအပ်မျှော်မှန်းချက်ကတော့ လူ့အခွင့်အရေးတွေကို အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပဲ ဖြစ်ပါတယ်။ ဒါဟာ တခြားတိုင်းရင်းသားတွေရဲ့ လိုအပ်ချက်လည်းဖြစ်တာမို့ ဒီမိုကရေစီအခွင့်ရေးကို အခြေခံပြီး ကျမတို့အားလုံး ညီညွတ်မှုရှာကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

၁၃။ ပင်လုံစိတ်ဓါတ်ထာဝရရှင်သန်နိုင်ပါစေ။ တည်တဲ့ခိုင်မြဲမယ့် စစ်မှန်တဲ့ ဒီမိုကရေဒီ ပြည်ထောင်စုကြီး အမြန်ထွန်းနိုင်ပါစေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
 
< Prev   Next >
 
Top! Top!