| နှစ် (၅၀)ပြည့် ပြည်ထောင်စုနေ့မိန့်ခွန်း |
|
|
|
နှစ် (၅၀)ပြည့် ပြည်ထောင်စုနေ့တွင် ပြောကြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မိန့်ခွန်း ၁၉၉၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက် အခုဒီကိုကြွရောက်လာတဲ့ ပရိသတ်ကိုရော ကျမတို့ရဲ့ ပြည်ထောင်စုနေ့ကို သေးသိမ်အောင် လို့ ပြည်သူလူထုက လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကနေပြီးတော့ နိုင်ငံရဲ့အနာဂါတ်ကို ဦးဆောင်ဖို့ မဲပေးခဲ့တဲ့ နိုင်ငံရေးအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုကို သေးသိမ်အောင်လို့လုပ်တဲ့ အခက်အခဲတွေ ကြားထဲကနေပြီးတော့ အဝေးကနေပြီး ထောက်ခံတဲ့ ကျမတို့ရဲ့ ပြည်သူလူထု အားလုံးကို ကျေးဇူးတင်လေးစားကြောင်း ကျမပြောချင်ပါတယ်။ ဒီနေ့ဆိုလို့ရှိရှင် ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့တာ အနှစ်(၅၀) တင်းတင်းပြည့်ပါပြီ၊ ဒီစာချုပ်ကို သဘောတူပြီး ချုပ်ဆိုခဲ့တဲ့ ကျမတို့ ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်ကြီးများရဲ့ စာချုပ်ဟာ စက္ကူပေါ်မှာ ရေးထိုးထားတဲ့ စာချုပ်မျှသာ မဟုတ်ပါဘူး။ ပြည်ထောင်စုကို လိုလား ယုံကြည်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးက သွေးစည်းညီညွတ်မှုကို ယုံကြည်ပါတယ် ဆိုပြီးတော့ နှလုံးသားပေါ်မှာ ထိုးထားတဲ့ ကတိက၀တ်ဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ အချုပ်အခြာအာဏာပိုင် နိုင်ငံအနေနဲ့ ရပ်တည်နိုင်ခဲ့တာဟာ အခုဆိုရင် ရာစုနှစ်ဝက်ခန့် ဖြစ်ပါပြီး၊ ဒါပေမဲ့လည်း စစ်မှန်တဲ့ တိုင်းရင်းသားညီညွတ်မှုကို ကျမတို့ မစွမ်းဆောင်နိုင်ခဲ့သေးတာကြောင့်မို့လို့ ဒီဟာကို ပြည်ထောင်စုအစစ်လို့ ခေါ်ရမှာ အင်မတန်မှ ခက်နေပါတယ်။ ကျမတို့စစ်မှန်တဲ့သွေးစည်းညီညွတ်မှု ရရှိဖို့ဆိုတာဘာကိုလဲဆိုတော့ ကျမတို့ တိုင်းရင်းသား လူမျိုးများအားလုံးဟာ မိမိတို့ရဲ့မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ၊ စိုးရိမ်ချက်တွေ၊ နာကြည်းချက်တွေ၊ မကျေနပ်မှုတွေကို ပွင့်ပွင့်လင်းလင်း၊ အန္တရာယ်မရှိဘဲနဲ့ တင်ပြပေးနိုင်တဲ့ စနစ်တစ်ခုရှိဖို့လိုပါတယ်။ ဒီစနစ်တခုရှိမှသာလျှင် ကျမတို့ကြားထဲမှာ ရှိနေတဲ့ နားလည်မှုလွဲမှားနေတာတွေ၊ မကျေနပ်တာတွေကို ကွယ်ပျောက်သွားအောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကြား ပြည့်ဝတဲ့ ယုံကြည်မှု ဖြစ်ပေါ်လာနိုင်အောင်လို့ စေတနာသန့်သန့်နဲ့ ကြိုးစားသွားမယ်ဆိုတာ ကျမကတော့ ကတိက၀တ်ပြုပါတယ်။ တိုင်းရင်းသားအားလုံးအနေနဲ့လည်း ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို အခုအနှစ်(၅၀) မြောက် ပြည်ထောင်စုနေ့ အခါသမယမှာ ကျမလေးလေးနက်နက် ဖိတ်ခေါ်လိုက်ပါတယ်။ ဇန္န၀ါရီလ (၇)ရက်နေ့ကနေပြီးတော့ (၁၄)ရက်နေ့အထိ မဲသရောထာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လူမျိုးအဖွဲ့အစည်း(၁၅)ဖွဲ့နဲ့ အခြားတိုင်းရင်းသား လူမျိုးကိုယ်စားလှယ်တွေ ပါဝင်တဲ့ နှီးနှောဖလှယ်ပွဲကြီးက ကြေညာချက်စာတမ်းတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာစာတမ်းထဲမှာဘာပါလဲဆိုတော့ … မြန်မာပြည် လွတ်လပ်ရေးရရှိပြီးနောက် ပင်လုံစာချုပ်တွင် ဖေါ်ပြထားသည့် နိုင်ငံသားတိုင်း လူမျိုးရေးသာတူညီမျှရှိရမည် ဟူသောအချက်ကို အာဏာလက်ကိုင်ထားသူ အဆက်ဆက်က မဟာလူမျိုးကြီးဝါဒကို လက်ကိုင်ထားပြီး တိုင်းရင်းသားလူမျိုးများအား ရက်စက်စွာ စစ်ဆင် တိုက်ခိုက်ခဲ့ခြင်းများကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် သမိုင်းတွင်မကြုံစဖူးအောင် အတိဒုက္ခရောက်ခဲ့ရကြောင်း … ဆိုပြီးတော့ ပါပါတယ်။ ဒီလိုတိုင်းရင်းသားလူမျိုးများရဲ့ ခါးသီးလှတဲ့ခံစားမှုတွေကြောင့် ကျမတို့ပြည်ထောင်စု အပေါ်မှာ အယုံအကြည် ကင်းမဲ့လာတယ်ဆိုတာ အင်မတန်မှ ၀မ်းနည်းစရာ ကိစ္စတခုဖြစ်ပါတယ်၊ ဒီအတိတ်ကအမှားတွေကို ပြန်ပြီးပြုပြင်ဖို့ဆိုတာဟာကလည်း ကျမတို့အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ အားလုံးဆိုတာ ကျမတို့တိုင်းရင်းသားအားလုံး အပါအ၀င် ကျမတို့လူများစုဖြစ်တဲ့ ဗမာများရဲ့ တာဝန်လည်းဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ မျှော်မှန်းချက်တွေကို ကျမတို့ကြည့်ရမယ်။ ဒီမျှော်မှန်းချက်တွေဟာ ဘာလဲဆိုလို့ရှိရင် မဲသရောထားနှီးနှောပွဲက သဘောတူညီချက် စာတမ်းထဲမှာပါတာကတော့ … (က) စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်၊ (ခ) ဒီမိုကရေစီနိုင်ငံရေးစနစ်ကျင့်သုံးရန်၊ (ဂ) လူမျိုးတိုင်းတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးရရှိရန်၊ (ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်တို့ ဖြစ်ပါတယ်။ နောက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ၏ ဒီမိုကရေစီနှင့် တန်းတူရေး သဘောထား ဆိုပြီးတော့ စာတမ်းတခုလည်း ထွက်ပါတယ်။ ခုဒီတန်းတူရေး သဘောထားစာတမ်းအရဆိုရင် လည်း ကျမတို့နိုင်ငံအတွက် အဓိကလိုအပ်ချက်တွေကတော့ … (၁) ဒီမိုကရေစီနှင့် တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးတန်းတူရည်တူ အခွင့်အရေး ရရှိရေး၊ (၂) တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး၊ (၃) စစ်မှန်သော ပြည်ထောင်စုစနစ် တည်ဆောက်ရေး၊ (၄) ပြည်နယ်အသီးသီးအချိုးညီစွာဖြင့် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်ထောင်စုတစ်ခုလုံး ခေတ်မှီ တိုးတက်သည့် နိုင်ငံဖြစ်လာရေး (၅) အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ (၆) ပြည်တွင်းငြိမ်းချမ်းရေး ဒီစာတမ်းတွေမှာပါတဲ့ သဘောထားတွေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားလူမျိုးများအားလုံးရဲ့ တန်းတူညီတူရေးတို့ဟာ ခိုင်မာတည်တံ့တဲ့ ပြည်ထောင်စုတခုအတွက် မဖြစ်မနေလိုအပ်တဲ့ အုတ်မြစ်တွေ ဖြစ်ပါတယ်။ အခြေခံလိုအပ်ချက်တွေကို ဖေါ်ထုတ်ဖို့ဆိုတာဟာ ကျမတို့အတူ လက်တွဲပြီး လုပ်ရမှာပါ။ ဒီအချက်ကိုလည်း တိုင်းရင်းသားညီအကိုမောင်နှမများဟာ ရိပ်မိတယ်ဆိုတာကတော့ ငြင်းဖွယ်ရာမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ၏ ဒီမိုကရေစီရေးနှင့် တန်းတူရေး သဘောထားစာတမ်းရဲ့ နိဂုံးမှာဆိုရင် ဘယ်လိုရေးထားသလဲ ဆိုတော့ …….. မြေပေါ်နိုင်ငံရေးအခြေခံရှိသူများ၊ တရားဝင်ရပ်တည်ခွင့်ရှိသောပါတီ အဖွဲ့အစည်းများနှင့် လက်နက်ကိုင်ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့အစည်းများ၏ ဆွေးနွေးညှိနှိုင်းမှုများမှတဆင့် ညီညွတ်ရေးတည်ဆောက်ရန် ကြိုးပမ်းသင့်သည်။ ထိုသို့မလုပ်ဆောင်နိုင်ပါက တဖြည်းဖြည်းနှင့် အားလုံး လုံးပါးပါးပြီး အကြပ်အတည်း ပင်လယ်ဝေကာ ထိခိုက် ပျက်ဆီးသွားလိမ့်မည်။ ထိုကြောင့် လက်လှမ်းမှီရာတို့ကို စုစည်းနိုင်သမျှစုစည်းပြီး အထွေထွေအကြပ်အတည်းမှ လွတ်မြောက်ရန် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်လို့ ပါပါတယ်။ မဲသရောထာနှီးနှောဖလှယ်ပွဲရဲ့ သဘောတူညီချက်များမှာလည်း ဘယ်လိုရေးထားသလဲ ဆိုတော့ …….. ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီအင်အားစုများနှင့် တန်းတူရည်တူ လက်တွဲ၍ အမျိုးသားအခွင့်အရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီအခွင့်အရေးအတွက် လည်းကောင်း၊ တပြိုင်နက်တည်း စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်သွားကြရန်ကိုလည်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွတ်တည်း သဘောတူလိုက်ပါတယ်။ ခြုံငုံပြီးရမယ်ဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးများအားလုံးတို့ရဲ့ တန်းတူညီတူရေးကို အခြေခံတဲ့ စစ်မှန်တဲ့ပြည်ထောင်စုနိုင်ငံတော်တခု ပေါ်ပေါက်ဖို့ရာ ဒီမိုကရေစီနဲ့ လူအခွင့်အရေး အတွက် ကြိုးပမ်းနေတဲ့ကျမတို့ အင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး ခိုင်ခိုင်မာမာ ကျစ်ကျစ်လစ်လစ် ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတာ ထင်ရှားပါတယ်။ အခုအနှစ် (၅၀)မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်တရပ်အနေနဲ့ အနာဂါတ်မှာဖေါ်ထုတ်ရမဲ့ ပင်လုံစိတ်ဓါတ်ကို ပြန်လည်ရှင်သန်စေပြီး ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုမဲ့ ညီလာခံကြီးရဲ့ အကြိုနှီးနှောဖလှယ်ပွဲတခုအနေနဲ့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အတူဆောင်ရွက်ကြဖို့ တိုင်းရင်းသားလူမျိုးခေါင်းဆောင်များ၊ မြေပေါ်နိုင်ငံရေးအခြေခံရှိသူများ၊ တရားဝင်ရပ်တည်ခွင့်ရှိတဲ့ ပါတီအဖွဲ့အစည်းများနဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများအားလုံးကို ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။ တကယ့်ကို ပြည်သူလူထုအားလုံးကို ကိုယ်စားပြုမဲ့ ညီလာခံကြီးရဲ့ အကြိုနှီးနှော ဖလှယ်ပွဲအနေနဲ့ တိုင်းရင်းသားလူမျိုးစုအားလုံး ကျမတို့နဲ့လာပြီးတော့ ဆွေးနွေးပွဲတခု ကျင်းပကြပါလို့ ကျမလေးလေးနက်နက်ဖိတ်ခေါ်လိုက်ပါတယ်။ ပင်လုံစိတ်ဓါတ်ရှင်သန်နိုင်ပါစေ။ စစ်မှန်တဲ့ဒီမိုကရေစီပြည်ထောင်စုကြီးအမြန်ဆုံးပေါ်ထွန်းနိုင်ပါစေ။ အရေးတော်ပုံအောင်ရမည်။ |
| < Prev |
|---|






