| ထုတ်ပြန်ကြေညာချက် (မယ်သရောထာ) |
|
|
|
တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ (မယ်သရောထာ) ၏ ထုတ်ပြန်ကြေညာချက် ၁၉၉၇ ခုနှစ် ဇန္န၀ါရီလ (၁၅)ရက်။ ပြည်ထောင်စု မြန်မာနိုင်ငံခေါ် တိုင်းပြည်ရှိ ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများသည် ၇၊ ၁၊ ၁၉၉၇ ရက်နေ့မှ ၁၄၊ ၁၊ ၁၉၉၇ ရက်နေ့အထ ကရင်အမျိုးသားအစည်းအရုံး KNU၏ အခြေခံဒေသ မယ်သရောထာတွင် တိုင်းရင်းသားလူမျိုးများ၏ နှီးနှောဖလှယ်ပွဲကြီးတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။ ဤနှီးနှောဖလှယ်ပွဲကြီးတွင် အောက်ပါတိုင်းရင်းသား အမျိုးသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် လော့လာသူပေါင်း (၁၁၁) ဦး တက်ရောက်ခဲ့ကြသည်။ ထိုသို့ တက်ရောက်ခဲ့ကြသည့် အဖွဲ့အစည်းများမှာ -
၁။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဤတိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးတွင် ကျွန်ုပ်တို့တိုင်းရင်းသား၊ အမျိုးသား၊ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များသည် မျက်မှောက် အရေးကြီးပြဿနာဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးစသည့် အခြေခံ နိုင်ငံရေးပြဿနာကြီးများကို အလေးအနက် သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ သုံးသပ်ရာတွင် ၁၉၄၈ ခုနှစ် မြန်မာပြည်လွတ်လပ်ရေး ရရှိပြီးသည့်နောက် ပင်လံစာချုပ်တွင် ဖော်ပြထားသည့် “နိုင်ငံသားတိုင်း လူမျိုးမရွေးသာတူညီမျှမှု ရှိရမည်” ဟူသောအချက်ကို အာဏာလက်ကိုင်ထားသူ အဆက်ဆက်က ချိုးဖောက်ခဲ့ကြကြောင်း၊ (၄၉)နှစ်တာ ကာလအတွင်း အာဏာလက်ကိုက်ထားသူ အဆက်ဆက်က မဟာလူမျိုးကြီးဝါဒကို လက်ကိုင်ထားပြီး တိုင်းရင်းသားလူမျိုးများအား ရက်စက်စွား စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းများကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် သမိုင်းတွင်မကြုံဖူးအောင် အတိဒုက္ခရောက်ခဲ့ကြရကြောင်း၊ ယခုလည်း တိုင်းရင်းသားလူမျိုးများအား အကြမ်းဖက်စစ်ဆင်မှုကို လုပ်ရိုးလုပ်စဉ်အဖြစ် လုပ်နေဆဲ ဖြစ်ကြောင်း ကျွန်ုပ်တို့ရှုမြင်သည်။ မြန်မာပြည်၏ အခြေအနေကို ဆက်လက်သုံးသပ်ရာတွင် - မြန်မာပြည်သည် အေးချမ်းတည်ငြိမ်မှုမရှိသော တိုင်းပြည်ဖြစ်နေရုံသာမက တိုင်းရင်းသား လူမျိုးများအရေးနှင့် ဒီမိုကရေစီအရေးဆိုသည့် အခြေခံ နိုင်ငံရေးပြဿနာကြီးနှစ်ရပ်ကို န၀တက ယနေ့တိုင် ဆွေးနွေးဖြေရှင်းရန် ငြင်းဆန်နေသည့်အတွက် တိုင်းပြည်၏ အခြေအနေသည် တနေ့ထက်တစ်နေ့ ပိုမိုတင်းမာဆိုးဝါးလာလျက်ရှိသည်ဟု မှတ်ယူသည်။ ထို့ကြောင့် အောက်ပါ သဘောထားများကို ကျွန်ုပ်တို့ အလေးအနက် တညီတညွတ်တည်း ချမှတ် ဆုံးဖြတ်၍ ထုတ်ပြန်ကြေငြာလိုက်သည်။ ၁။ မြန်မာပြည်အတွင်း ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုပြုလုပ်ရန်၊ တိုင်းရင်းသားလူမျိုးများ၏ ဆန္ဒနှင့်အညီ တိုင်းရင်းသားလူမျိုးများအကြား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ကို အခြေခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို တည်းဆောက်ရန် ဆုံးဖြတ်သည်။ ၂။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းရန်အတွက် န၀တ ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီအင်အားစုများ တိုင်းရင်းသားလူမျိုးများ ၏ ကိုယ်စားလှယ်များပါဝင်သည့် ဘက်(၃)ဘက် တွေ့ဆုံဆွေးနွေးရေးကို ကုလသမဂ္ဂ(UN)၏ ဆုံးဖြတ်ချက်နှင့်အညီ အမြန်အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ ၃။ တိုင်းပြည်၏ အခြေခံနိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းနိုင်ရန် ကြိုးပမ်းနေချိန်တွင် တိုင်းရင်းသားလူမျိုးများနှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများအား န၀တက ဆက်၍ စစ်ဆင်တိုက်ခုက်နေခြင်း၊ အကြပ်ကိုင် ဖိနှိပ်နေခြင်းများကို အမြန်ရပ်ဆိုင်းရန် တောင်းဆိုသည်။ ၄။ မြန်မာပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု မပြုနိုင်သေးမှီ မြန်မာပြည်အား (ASEAN) အဖွဲ့ဝင်အဖြစ် လက်ခံခြင်းမပြုရန်၊ မြန်မာပြည်အတွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန်၊ ၀င်ရောက်လုပ်ကိုင်ပြီးသား လုပ်ငန်းများကို ရပ်ဆိုင်းထားကြရန် တောင်းဆိုသည်။ ၅။ န၀တ၏ အတုအယောင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဆန့်ကျင်၍ တိုင်းရင်းသား လူမျိုးများ အဖွဲ့အစည်းအားလုံးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ဆုံးဖြတ်သည်။ ၆။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် စစ်အာဏာရှင်ကြီးစိုးမှု ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး လူထုတိုက်ပွဲကို လေးနက်စွာ ထောက်ခံသည်။ ၇။ တိုင်းရင်းသားလူမျိုးများ၏ ပြည်လုံးဆိုင်ရာ တပ်ဦးအဖွဲ့အစည်းဖြစ်သည့် အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (မဒတ)ကို အဖက်ဖက်မှ ခိုင်မာအောင်တည်ဆောက်မည်။ တပြိုင်တည်းတွင် တိုင်းရင်းသားလူမျိုးများနှင့် ဒီမိုကရေစီအင်အားစုများအကြား အပြန်အလှန် နားလည်မှု၊ အပြန်အလှန် ထောက်ခံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားကြမည်။
|
| < Prev | Next > |
|---|






