|
ပြည်ထောင်စုမြန်မာနိုင်ငံ၏ လက်ငင်းနိုင်ငံရေးအခြေအနေများနှင့် စပ်လျဉ်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေဒီ အဖွဲ့ချုပ်တို့၏ သဘောထားကြေခြာချက် ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက် အမှတ် (၁) ၁၃၅၂ ခုနှစ်၊ တော်သလင်းလဆန်း (၁၀)ရက်။ ၁၉၉၀ ပြည့်နှစ်၊ သြဂုတ်လ (၂၉)ရက်။
(၁) ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်တွင် တရားဝင် မှတ်ပုံတင် ဖွဲ့စည်းထားသော တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးပါတီ (၂၁) ပါတီ (နောက်ဆက်တွဲ စာရင်းရှိ)ကို စုစည်းထူထောင်ထားသည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ နိုင်ငံရေး ပါတီများ၏ လူမျိုးစုရေးရာ မူဝါဒကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့သည် ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (ဌာနချုပ်)ရုံး၌ ပဏာမညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြပါသည်။ (၂) ယင်းပဏာမညှိနှိုင်းတွေးနွေးပွဲမှ သဘောတူညီချက်အရ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ နိုင်ငံရေးပါတီများ၏ လူမျိုးစုရေးရာ မူဝါဒကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့၏ ပထမဆုံးအကြိမ် စုံညီအစည်းအဝေးကို ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံး၌ ကျင်းပခဲ့ပါသည်။ (၃) ယင်းစုံညီဆွေးနွေးပွဲမှ သဘောတူညီချက်အရ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် ဆက်သွယ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့ (အဖွဲ့ချုပ်၏ လူမျိုးစုဆိုင်ရာအဖွဲ့)သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ လက်ငင်းနိုင်ငံရေး ပြဿနာများနှင့် စပ်လျဉ်း၍ ပုံမှန်ဆွေးနွေးပွဲများကို (၃)ကြိမ် ဆက်လက်ကျင်းပခဲ့ကြပါသည်။ (၄) ယင်းပုံမှန်ဆွေးနွေးပွဲများမှ ညှိနှိုင်းသဘောတူညီချက်များအနက် ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ လောလောဆယ်နှင့် ရေရှည်အကျိုးစီးပွားတို့ကို ရှေ့ရှုလျက် နှစ်ဦးနှစ်ဘက်တူညီသော သဘောထားများကို အောက်ပါအတိုင်း ပူးတွဲကြေညာအပ်ပါသည်။ က။ ၁၉၉၀ ပြည့်နှစ်၊ ဇွန်လ (၂၉)ရက်မှ ဇူလိုင်လ (၁)ရက်နေ့အထိ ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ ၀ိုင်အမ်စီအေခန်းမတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိစုံညီအစည်းအဝေးနှင့် တိုင်းရင်းသား လူမျိုးများ နိုင်ငံရေးပါတီပေါင်းစုံ ဒုတိယအကြိမ် အစည်းအဝေးမှ လက်ငင်းရင်ဆိုင်နေရသော နိုင်ငံရေးပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်များနှင့် ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၈)ရက်နှင့် (၂၉)ရက်နေ့က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း ဂန္ဓီခန်းမဆောင်တွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့နှင့် အဖွဲ့ချုပ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ၏ ပထမအကြိမ် ပဏာမညှိနှိုင်းအစည်းအဝေးမှ တညီတညွတ်တည်း အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်များသည် တဘောတည်းရှိကြောင်း ထုတ်ဖော်ကြပါသည်။ ၎င်းဆုံးဖြတ်ချက်များမှာ - (၁) ကျင်းပပြီးစီးခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပြီး ပြည်သူ့ လွတ်တော်ရွေးကောက်ပွဲ ဥပဒေအခန်း(၂) ပုဒ်မ(၃)အရ ပြည်သူ့လွှတ်တော်ကို ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ခေါ်ယူဖွဲ့စည်းရေး အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့သို့ တောင်းဆိုကြောင်း။
(၂) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံးလုံးလျားလျားအများစု အနိုင် ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အာဏာပိုင် ကိုယ်စားလှယ်အဖွဲ့နှင့် န၀တအာဏာပိုင် ကိုယ်စားလှယ်အဖွဲ့တို့ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းရေးအတွက် တိုက်တွန်းကြောင်း။
(၃) မြန်မာနိုင်ငံ၏ လောလောဆယ်အကျိုးစီးပွားရေးနှင့် ရေရှည်အနာဂါတ် အကျိုးစီးပွား များကို ရှေ့ရှု၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးကို စောလျင်စွာ ဆောင်ရွက်ပေးရန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ တိုက်တွန်းကြောင်း။
(၄) ဒီမိုကရေစီအခွင့်ရေးများ ရရှိရေးနှင့် ပြည်သူ့လွတ်လပ်ခွင့် ကန့်သတ်ထားမှုများကို ရုပ်သိမ်းပေးရေးအတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ တောင်းဆိုကြောင်း။
အထက်ပါဆုံးဖြတ်ချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန် နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေးအဖွဲ့သို့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ထပ်လောင်း တိုက်တွန်းသည်။ ခ။ ပြည်သူလွှတ်တော် ပေါ်ပေါက်လာပြီးလျှင် ပြည်သူ့လွှတ်တော်က တင်မြှောက်သော အစိုးရဖွဲ့စည်းပြီး အလျှင်အမြန်ဆုံးသော ကာလအတွင်း ပြည်သူ့လွှတ်တော်၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများနှင့် ပါဝင်သင့် ပါဝင်တိုက်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပါဝင်သည့် အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးတစ်ရပ်ကျင်းပ၍ ပြည်ထောင်စု ထူထောင်ရေးအတွက် လမ်းညွန်မှုများ ချမှတ်မည်။ ယင်းလမ်းညွန်မှုများနှင့်အညီ ပြည်သူ့လွှတ်တော်က ရေရှည်တည်တံ့ ခိုင်မြဲမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တစ်ရပ်ကို ရေးဆွဲပြဌာန်း အတည်ပြုရမည်ဟု ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က တညီတညွတ်တည်း သဘောတူကြသည်။ ဂ။ တိုင်းရင်းသားလူမျိုးများသည် လူမျိုးရေးတန်းတူညီမျှမှု၊ နိုင်ငံရေးတန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အ၀ရှိစေရှိစေရမည့်အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို အာမခံချက်ရှိသော ပြည်ထောင်စုကို တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာ ထူထောင်ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့က တညီတညွတ်တည်း သဘောတူကြသည်။
(၅) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ လက်ငင်းနိုင်ငံရေးပြဿနာများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲများကို ဆက်လက် ကျင်းပသွားရန်နှင့် ဒီမိုကရေစီဘက်တော်သား အခြားနိုင်ငံရေးပါတီများနှင့်လည်း သွေးစည်းညီညွတ်ရေးအတွက် ဆက်လက်ကြိုးစား ဆောင်ရွက်သွားရန် သဘောတူညီကြသည်။
(၆) ဤပူးတွဲကြေညာချက်ကို ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ အမှတ်(၃၉၃)ရှိ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်၊ (ဌာနချုပ်ရုံး) အစည်းအဝေးခန်းမတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုး၍ ပူးတွဲထုတ်ပြန် ကြေညာလိုက်ပါသည်။
|