| ဗဟိုဆုံးဖြတ်ချက်မပါဘဲ ကော်မတီဖွဲ့စည်းခြင်းသည် စည်းကမ်းချိုးဖောက်ရာရောက်ဟု အန်အယ်လ်ဒီပြော |
|
|
|
ဗဟိုဆုံးဖြတ်ချက်မပါဘဲ ကော်မတီဖွဲ့စည်းခြင်းသည် စည်းကမ်းချိုးဖောက်ရာရောက်ဟု အန်အယ်လ်ဒီပြော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုလှုပ်ရှားမှုကော်မတီဖွဲ့စည်းကြောင်းကြေညာချက်ထုတ်ပြန် လိုက်ခြင်းသည် အဖွဲ့ချုပ်၏စည်းကမ်းစည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောကြားသည်။ အန်အယ်လ်ဒီမှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဦးဟန်သာမြင့်က “ဒီလိုလုပ်သွားတာကတော့ အဖွဲ့ချုပ်ရဲ့စည်းကမ်းစည်းမျဉ်းကို ဖောက်တာလို့ပြောလို့ရတယ်။ ကျနော်တို့အနေနဲ့ စုံစမ်းနေ တုန်းပဲရှိပါသေးတယ်။ ဗဟိုဆုံးဖြတ်ချက်အနေနဲ့ လုပ်တာမဟုတ်ပါဘူး။ ဘယ်သူလုပ်တယ်ဆို တာ ကျနော်တို့မသိသေးပါဘူး။ ဒါပေမယ့် ကျနော်တို့အန်အယ်လ်ဒီအဖွဲ့ဝင်တွေထဲကပဲ ဖြစ်လိမ့် မယ်လို့ထင်ပါတယ်။ ဆန္ဒစောပြီး ကိုယ့်ဖာသာ လုပ်သွားကြတာလားဆိုတာ ကျနော်တို့လည်းနား မလည်ဘူး” ဟု ပြောသည်။ ယခုလ (၁၈) ရက်စွဲဖြင့် ထုတ်ပြန်သည့် လူထုလှုပ်ရှားမှုကော်မတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ကြေညာချက်တွင် စစ်အစိုးရက အခြေခံဥပဒေကို လာမည့်မေလတွင် ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်မည်ဆိုခြင်းသည် ၁၉၈၈ ခုတွင် ၎င်းတို့ကိုယ်တိုင် ပေးခဲ့သည့် ကတိက၀တ်များ၊ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်နှင့် ၎င်းတို့ထုတ်ပြန်ထားသည့် ၁/၉၀ ဥပဒေတို့ကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုလှုပ်ရှားမှုကော်မတီကို ဖွဲ့စည်းကာ စစ်အာဏာရှင် ဆန့်ကျင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီပေါ်ထွန်းရေးနှင့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အခြေခံ တွင် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရေးတို့အတွက် မြန်မာပြည်အနှံ့ လူထုတိုက်ပွဲများ ကို ဦးဆောင်ကျင်းပသွားမည်ဟု ကြေညာထားသည်။ ယင်းသို့ထုတ်ပြန်လိုက်ခြင်းသည် မဖြစ်သင့်သည်ကိုလုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်း၊ သို့သော် လည်း ယင်းကိစ္စနှင့် ပတ်သက်၍ အန်အယ်လ်ဒီအနေဖြင့် ပြဿနာမလုပ်လိုကြောင်း၊ လုပ်သင့် သည့်အချိန်လည်း မဟုတ်ကြောင်း ဦးဟန်သာမြင့်က ပြောသည်။ “ကျနော်တို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစဉ်အဆက် ၁၉၉၃ ခုနှစ်ကစပြီး အစဉ်သဖြင့် ကန့်ကွက်လာခဲ့တာပဲ။ ကျနော်တို့အနေနဲ့ ဒါကိုလက်မခံဘူးဆိုတာတော့ ရှင်းပါတယ်။ ဒီလို လက်မခံတဲ့ကိစ္စကို ဘယ်လိုဆက်ပြီး လုပ်ကြမယ်ဆိုတာကို မဆုံးဖြတ်သေးတာဘဲ ရှိပါတယ်။ ဒီအချိန်မျိုးမှာ ကျနော်တို့ကလည်း မကြေညာသေးဘူး။ သို့သော် ကျနော်တို့မူအတိုင်းဟုတ်တယ် မဟုတ်ဘူးဆိုတာ ကျနော်တို့ မပြောပါဘူး” ဟု ၎င်းက ပြောသည်။ အန်အယ်လ်ဒီအနေဖြင့် ရှေ့ဘာဆက်လုပ်သွားမည်ဆိုသည်ကို ယခုအချိန်တွင် မပြောနိုင်သေး သော်လည်း မကြာခင်အချိန်တွင် ထုတ်ဖော်ပြောကြားမည်ဖြစ်ကြောင်း ဦးဟန်သာမြင့်က ပြော သည်။ |
| < Prev | Next > |
|---|






