www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow သူရတင်ဦး ၈၁နှစ်ပြည့် အမှတ်တရစာ
Friday, 05 September 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
သူရတင်ဦး ၈၁နှစ်ပြည့် အမှတ်တရစာ Print E-mail

အထိန်းသိမ်းခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ (၈၁)နှစ်ပြည့်
မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

 သူရတင်ဦး ၈၁နှစ်ပြည့် အမှတ်တရစာ
ရွှေဒေါင်းဖြူ
 

လေးလုံးအစ ဖုန်းမော်နေ့ အနှစ် ၂၀ ပြည့်ခါနီး ၇၄ - ၇၅၊ ၈၇ - ၈၈ ကကဲ့သို အထွေထွေမကျေနပ်မှုများ၊ ဖိနှိပ်သတ်ဖြတ်မှုများဖြင့် တင်းမာနေသော မြန်မာ့နိုင်ငံ ရေးရာသီ၌ ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲဆိုသည့် အသံများ မြည်ဟည်းလာပြန်သည်။ "သူမပါလျှင် မပြီး၊ သူကြီးတဲ့ သူ့အဖေ" ဆိုသလို ပဲခူးဆား စစ်အုပ်စုကလည်း "ပတ်မကြီး မူပိုင်ရှင်" ဇာတ်ခင်းလာကြသည်။ ကုလားအုတ်ခေါင်း တဲထဲဝင်သည့် ဇာတ်လို သင်္ဘောသား ဆင်းဘတ် ဂုတ်ခွစီးသည့် အဖိုးကြီးလို အနှင်ရခက်လှသည်။ ခင်နှင်းယု၏ ဆောင်းတွင်းပန်းထဲကကဲ့သို့ "လျော့လိုက်၊ လျော့လိုက်၊ မသီတာ ..." ဟု လူထုကြီးကို ရွှေပြည်အေး တရားဟောမည့် ဓမ္မကထိကများကလည်း ပေါလှပါကလား။ ဆွဲချတွေ၊ ရောင်တော်ပြန်တွေ။

ထိုစဉ် ၀င်ဒါမီယာမှ အကျယ်ချုပ်ခံ ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး ၈၁ နှစ်ပြည့်ဆိုသည့် သတင်းများ ကြားရသောအခါ 'အုန်းကျော်မြင့်" ကို ပြေးသတိရမိသည်။ ၄၈ က ဗိုလ်ရဲထွဋ်တို့ကဲ့သို့ တပ်ရင်းလိုက် တောခိုမှုများ ရှိခဲ့သော်လည်း ထိုသို့အာဏာရှင်ကို ဗြောင် လုပ်ကြံရန် တပ်တွင်း ကြံစည်မှုမှာ ဤသည်က အစဖြစ်သည်။ ၇၀ ပြည့်နှစ်များ၏ စီးပွားရေး ယိုယွင်းမှုကြောင့် ဗိုလ်နေ၀င်း၏ သံမဏိလက်ဆုပ်ကို ဖြေလိုသူများ ဥပဒေတွင်းပြင် တိုက်ပွဲမှာ ကျဆုံးလေသော အာဇာနည်တဦးလည်း ဖြစ်သည်။ လူထုတိုက်ပွဲကား ၇၄ - ၇၅ အရေးအခင်းများ၌ ကျရှုံး၏။ တပ်တွင်းပုန်ကန်မှုကား ဗိုလ်ချုပ်ကြီး တင်ဦး ဖယ်ရှားခံရမှုနှင့် နိဌိတံ၏။ မဆလတွင်း တိုက်ပြဲကား ၇၇ တတိယအကြိမ် ညီလာခံ ပါတီသန့်စင်ပွဲ (ဗကပဟောင်း တောထုတ်ပွဲ)၌ ချုပ်ငြိမ်း၏။ ထိုနောက် မြုံနေသော တော်လှန်ရေး သန္ဓေသားသည် ၈၇ - ၈၈ ၌ တဖန် ရုန်းကန်တိုးထွက်ရာ ဆရာဝန်ညှပ်မဆွဲ၍ သေလွန်လေသည်။ ထိုမှနောက်တဖန် မပြီးသေးသော ဒီမိုကရေစီရေး ခရီးရှည်ကြီးတွင် ဗိုလ်ချုပ်ကြီး တင်ဦး လျှောက်လှမ်းခဲ့ရာ အကျယ်ချုပ် သက်တမ်းပင် ၅နှစ် ပြည့်ရော့မည်။ မြန်မာ့နိုင်ငံရေးကား စစ်ဗိုလ်လက်ဟောင်းနှင့် လက်သစ်တို့၏ ပဋိပက္ခဟုပင် ပြောရလိမ့်မည်။

၇၄ - ၇၅ ဆန္ဒပြပွဲများတွင် လူထုကိုးစားမှုကို ရခဲ့သော ဗိုလ်ချုပ်တင်ဦးမှာ ရာမို့စ် မဖြစ်လိုက်ရဘဲ ထောင်မင်းသား ဖြစ်ခဲ့ရပြီး ၈၈ တွင် လူထုလှုပ်ရှားမှုတွင် ရောက်ခဲ့ရသည်။ NLD ခေါင်းဆောင်မှုအပိုင်းတွင် တချို့ ဗိုလ်ဟောင်းများကဲ့သို့ ဗျူရိုကရက်မဆန်၊ ရိုးသားဖော်ရွေ၍ လူထုချစ်ခင်မှု ယုံကြည်မှုကို ခံရသည်။ ထို့ကြောင့်လည်း နောက်ဆုံးတခေါက်တွင် ပြန်မလွှတ်တော့။ လက်ရှိတပ်မတော်အတွင်းမှ ရာမို့စ်လက်သစ်များ၊ လက်ရှိ အင်ဒိုနီးရှားသမ္မတကဲ့သို့ ဗိုလ်ချုပ်များ ကြံဆောင်မှသာ သူရတင်ဦးလို မြန်မာဖယ်ဒရယ် ပြည်ထောင်စုတွင် လူကြီးသူမအနေနှင့် ခေါင်းဆောင်မှု ပေးနိုင်ပါလိမ့်မည်။ အာဇာနည် ဦးအုန်းမောင်၊ သမ္မတဟောင်း ဒေါက်တာ ဘဦးတို့၏ မယားညီအကိုတော်သည့် ဗိုလ်ချုပ်ကြီးမှာ လူထုဗိုလ်ချုပ်ကြီးပင် ဖြစ်တော့သည်။

 

 
Next >
 
Top! Top!