www.mamboteam.com
အဖွင့် စာမျက်နှာ arrow မော်ကွန်းတိုက် arrow သူရဦးတင်ဦး (သို့မဟုတ်) မတ်လတော်လှန်ရေးသမား
Wednesday, 08 October 2008
 
 
Main Menu
အဖွင့် စာမျက်နှာ
သတင်း
PDF ရယူရန်
မော်ကွန်းတိုက်
ဓာတ်ပုံ
အင်တာနက် လိပ်စာများ
ဆက်သွယ်ရန်
ရှာရန်
ဧည့်သည်တော်မှတ်တမ်း
ရသကဏ္ဍ
ဆောင်းပါး
ကဗျာ
ရုပ်သံ
ကာတွန်း
ရယူရန်
ဓာတ်ပုံ
Newsflash
The contents on this site contain Burmese Unicode, so if you can not see the contents on this site please download Zawgyi-One font from Here . If you want to see some more details please just have a look here
 
သူရဦးတင်ဦး (သို့မဟုတ်) မတ်လတော်လှန်ရေးသမား Print E-mail

အထိန်းသိမ်းခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ (၈၁)နှစ်ပြည့်
မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး

(ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖော်ပြသည်)

သူရဦးတင်ဦး (သို့မဟုတ်) မတ်လတော်လှန်ရေးသမား
(၁၂၊ ၃၊ ၂၀၀၈နေ့တွင်ကျရောက်သည့် သူရဦးတင်ဦး၏ (၈၁) နှစ်ပြည့်မွေးနေ့အား ဂုဏ်ပြုရေးဖွဲ့ပါသည်)
မင်းဟန်

(က)
မိုးကုပ်ကုပ်ဝယ်
အို….ရုတ်တရက်၊ မျဉ်းဖြူစက်၍
ကွဲအက်ကြောင်းရာ ၊ ဟ ဟ လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်
အာရုဏ်ပေါ်စ ၀ိုးတ၀ါး ...။
မတ်လတော်လှန်ရေး
ဒဂုန်တာရာ

၁၉၄၄ခုနှစ် ...။
ဆောင်းနှောင်းက ကြွင်းခဲ့ပြီ။ နွေဦးကမူ မကူးသေး။ နွေနှင့်ဆောင်းက ၀ိုးတိုးဝါးတား။
သူကား ဂျပန်ခေတ် တတိယပတ် ဗိုလ်သင်တန်းကျောင်းဆင်း၊ BDA တွင် ပြန်တမ်းဝင်အရာရှိ၊ အလုပ်သင် ဗိုလ်။ ဂျပန်လို “မီနာရိုက်ရှိခန်း”။ တလိုင်းသုံးပွင့် အထူးကြယ် အဆောင်အယောင်နှင့် စစ်ဓားရှည်အား ခါးတွင်ချိတ်လို့ …။

သင်တန်းဆင်းအလုပ်သင်ဗိုလ်လောင်း (၄) ဦးအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် တာဝန်ထမ်း ဆောင်ရန် စစ်ရုံးချုပ်မှ တာဝန်ပေးသည်။ ဗိုလ်မြသွေး၊ ဗိုလ်သန်းညွှန့်၊ ဗိုလ်တင်ညွှန့် နှင့်သူ။ သူတို့ ဗိုလ်လောင်းလေးဦး ရန်ကုန်မှ မန္တလေးသို့ ခရီးထွက်ခဲ့သည်။ ထိုစဉ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် သည် မန္တလေးတွင် အခြေစိုက်ထားသည်။ တိုင်းမှူးကား ဗိုလ်မှူးကြီး ဗထူး။

စစ်အတွင်းဖြစ်၍ ရန်ကုန်-မန္တလေးခရီးက မလွယ်။ ခက်ခဲသည်။ အင်ဖာ၊ မဏိပူရ စစ်မျက်နှာမှ စစ်ရှုံး၍ ဆုတ်လာသော ဂျပန်တပ်များ၊ အိန္ဒိယဗိုလ်ချုပ်၊ ဗိုလ်ချုပ်ချန်ဒရာဘို့စ်၏ I.I.A တပ်များနှင့် လမ်းတွင် တွေ့ရသည်။ အင်္ဂလိပ်နှင့် မဟာမိတ်တပ်များက အနောက်မှလိုက်၍ လေကြောင်းမှ လိုက်တိုက်နေသည်။ နေ့အခါတွင်ယာဉ်ရထားများ မောင်းနှင်၍မရ။ ရန်ကုန်မှ ပျဉ်းမနားအထိ (၄) ရက်သွားရသည်။ ရထားဖြင့်…။ ကျန်သည့်ခရီးကိုတော့ မန္တလေးအရောက် ခြေလျင်။

မန္တလေးရောက်တော့ ဗိုလ်မှူးကြီး ဗထူးအား သတင်းပို့သည်။ ထိုစဉ်က ဗိုလ်မှူးကြီး ဗထူး၏ တပ်သည် မဟာမိတ်တပ်များ၏ ပြန်လည်ထိုးစစ်အား ရင်ဆိုင်နေရပြီ။ စစ် နှစ်စစ်ကြား ရောက်၍နေသည်။ မိတ္ထီလာတွင်ကား ဂျပန်တပ်။ မတ်လတော်လှန်ရေးကား မဝေးတော့ပြီ…။

(ခ)
“ရဲဘော်တို့ ရှေ့လျှောက် လွတ်လပ်ရေးတိုက်ပွဲဟာ ပြင်းထန်မယ်၊
စစ်မြေပြင်ဟာ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊
ထိခိုက်ဒဏ်ရာရနိုင်တယ်၊ သေနိုင်တယ်၊
အသက်စွန့်ကြရမယ်…”
ဗိုလ်ချုပ်အောင်ဆန်း
(တတိယပတ်ဗိုလ်သင်တန်းကျောင်းဆင်းပွဲမိန့်ခွန်း)

ဗိုလ်မှူးကြီးဗထူးက သူတို့ (၄)ဦးအား အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပဲခူးရှိ ဗိုလ်ဗလ (ရဲဘော်သုံးကျိပ်ဝင်) ၏တပ်တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးသည်။ ဤသို့ဖြင့် သူတို့ ပဲခူးသို့ စုန်ခဲ့ရပြန်လေသည်။ နွေဦးက ကူးခဲ့ပြီ။ ပေါက်လဲတို့က ရဲရဲနီ၍နေလေပြီ။

(ဂ)

၁၉၄၅ခုနှစ်၊မတ်လ။
ပဲခူးမှ သူ့တပ်စိတ်ထွက်တော့ ညနေ (၅) နာရီခန့်ရှိမည်။ နေရောင်က မပျောက်သေး။ ကောက်ရိုးလှည်း တစီးနှင့်ဖြစ်သည်။ ကောက်ရိုးများအောက်တွင်ကား လက်နက်များပါသည်။ ထိုစဉ်က ဂျပန်အား စစ်မကြေညာရသေး။ သို့ဖြစ်၍ ပို၍သတိထားပြီး လှုပ်ရှားကြရသည်။ ဦးတည်ချက်က ပဲခူးချောင်းဖျားသို့ ဖြစ်သည်။ အင်္ဂလိပ်လေထီး စစ်သားများ ဆင်းသက်နေသည်အား ကင်းထောက်ရန်ဖြစ်၏။

ဇောင်းခါးကုန်းရွာတွင် “ကိုပြာတီး” နှင့် ဆက်သွယ်မိသည်။ ထိုနောက် ပဲခူးရိုးမအတွင်းသို့ ၀င်ခဲ့ကြသည်။ တညလုံးလျှောက်ခဲ့ကြပြီး ပဲခူးချောင်းဘေးရှိ အောင်ကမ္ဘာရွာအနားသို့ ရောက်ကြသည်။ ရောင်နီက ပျို့၍အန် လာပြီ။ ထိုနေရာတွင်ပင် သူတို့ စခန်းချကြသည်။ သူတို့နှင့်အတူ ဒေသခံ ရွာသားများလည်း ပါကြသည်။ ဒေသခံများက ဆရာစံသူပုန်တပ်သားဟောင်းကြီးများ….။

စားစရာကား ဆန်နှင့်ငပိ၊ ဟင်းရံကား တောထဲမှ ပြုတ်တို့၍ ရသည့် အရွက်များ။ သောက်တော့ ၀ါးဆစ်ဗူးတွင်းစမ်းရေ။ တပေါင်းညများအတွင်း ကောင်းကင်မှ လေထီးစစ်သည်များ ဆင်းလာကြသည်။ သူတို့နှင့်ဆက်သွယ်ရသည်။ တကြိမ်၊ နှစ်ကြိမ်။ လေထီးရဲဘော်များနှင့်အတူ လက်နက်သစ်များ ပါသည်။ ဆက်သွယ်ရေးစက်များလည်း ပါသည်။ ဖို့စ် -၁၃၆ တပ်မှ ဖြစ်ကြသည်။ လေထီးဆင်း ရဲဘော်များတွင်ကား ဗိုလ်မှူးချစ်ကောင်းလည်းပါသည်။ မန်းဝင်းမောင်လည်းပါသည်။ ပြီးနောက် …။

“ယိမ်းလှုပ်ပြကာ၊ မီးအိမ်ဝါနှင့်
အာကာပြာမှိုင်း၊ တွဲလွဲဆိုင်း၍
ဖြူဝိုင်းဝိုင်းစက်၊ ဆင်းလာသက်မှ
လက်လက်ရောင်ထင်၊ ကျသွင်သွင်သည်
လေယာဉ်ပေါ်မှ စစ်ရိက္ခာ။”
မတ်လတော်လှန်ရေး
ဒဂုန်တာရာ

မတ်လတော်လှန်ရေးကား ….စလေပြီ။

(ဃ)
“တိုင်းပြည်အတွက်၊ အမျိုးသားရေးအတွက်၊ လွတ်လပ်ရေးအတွက်၊ အသက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး နှစ်ပေါင်း (၂၀) ကြာတဲ့အခါ ၊ ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့ သံတိုင်နှင့် အချုပ်ထောင်အတွင်း ရောက်၍နေလေပြီ”
(ဗိုလ်မှူးချစ်ကောင်း)

ယခု သူကား အသက်ရှစ်ဆယ်ပင်ကျော်ခဲ့ပြီ။

မြန်မာသမိုင်းစဉ်၌ သူ၏သမိုင်းစာမျက်နှာများကား အခိုင်အခန့်။ မည်သို့မျှ ဖျောက်ဖျက်၍မရ။ ဖုံးကွယ်၍မရ။ သိမ်ဖျင်းအောင်ပြုလုပ်၍မရ။ သူကိုယ်တိုင်ရေးထိုးခဲ့သော သမိုင်းဘ၀ စာမျက်နှာ များကား ဖက်ဆစ်တော် လှန်ရေးသမား၊ ဗမာ့လွတ်လပ်ရေးတပ်မတော်သား၊ ဖက်ဆစ်တော်လှန်ရေး တိုင်း(၄) တပ်ရင်း (၁၀၂)မှ တပ်ခွဲမှူး။ မြန်မာ့မျိုးချစ်တပ်မတော်သား…ကာကွယ်ရေးဦးစီးချုပ်၊ ပြီးနောက် …။

ဒုတိယအမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ၏တပ်ဦးမှ။
ယခုမူ…။

ဗိုလ်မှူးချစ်ကောင်းမှ မိမိကိုယ်မိမိ ငဲ့စောင်း၍ ကြည့်မိသကဲ့သို့များ သူစဉ်းစား၍ နေမိလေမလား…။ မပြော တတ်…။ ဆိပ်ဖလူးရနံ့များကား သူ့ဝန်းကျင်၌ သင်းပျံ့၍နေပေလိမ့်မည်။ ။

 
< Prev   Next >
 
Top! Top!