| ၁၉၉၀ ပြည့် စိတ်ဓာတ်နဲ့ တွေ့ဦးမည် |
|
|
|
၁၉၉၀ ပြည့် စိတ်ဓာတ်နဲ့ တွေ့ဦးမည် ကျနော့်အနေနှင့်သာဆိုလျှင် ထောက်ခံမဲပုံးနှင့် ကန့်ကွက်မဲပုံးတို့၏ အကြား၌ "အကြံပြုစာပုံး"တပုံးကိုပါ ယှဉ်တွဲ၍ ထားလိုက်စေချင် သေးတော့သည်။ ဗိုလ်ချုပ် (၁၀၀)လောက် ခေါင်းခဲအောင် စဉ်းစားနေရသည့် အကျပ်အတည်းကို သန်း(၅၀)မျှ သော ပြည်သူများက ရိုးရှင်းစွာဖြင့် ၀ိုင်းဝန်း စဉ်းစားပေးကြပါလိမ့်မည်။ သို့မှသာ လူထု၏ တကယ့် ဆန္ဒ အစစ်အမှန်ကိုလည်း ရရှိနိုင်ပါလိမ့်မည်။ တိုင်းပြည် ကောင်းစားရေးအတွက် သန်းနှင့်ချီသည့် အကြံပြုစာများကိုလည်း ရရှိနိုင်ပါလိမ့်မည်။ တိုင်းပြည်၏ တကယ့် အခြေအနေမှာ လူထု၏ ဆန္ဒတခုတည်းကို ခံယူရုံမျှဖြင့် အလုံးစုံ ပြည့်စုံပြီဟု မဆိုသာ။ လူထု၏ အမြင်၊ လူထု၏ သဘောထားတို့ကို ရယူရုံမျှမက၊ လူထု၏ ပူးပေါင်း ဆောင်ရွက်မှုကို ရရှိပါမှသာ ပြီးပြည့်စုံနိုင်မည်ဟု ထင်မိသည်။ လူထုဆန္ဒ ခံယူပွဲနှင့် ပတ်သက်၍ လူအများကြားတွင် ခံစားချက် (၁)ခုနှင့် အယူအဆ (၂)ခု တပြိုင်တည်း ဖြစ်ပေါ် နေသည်ကို တွေ့ရှိရပါသည်။ ခံစားချက်(၁)ခု ဆိုသည်မှာ စစ်အစိုးရက စိဉ္စမာနဉာဏ်ကို သုံး၍ အကောက်ကြံ ဦးတော့မည် ဆိုသည်ကို ဒက်ကနဲသိ၍ ကြိတ်မနိုင်ခဲမရ ဒေါသသင့်ကြရခြင်း ဖြစ်ပါသည်။ အယူအဆ (၂)ခုမှာ ဆန္ဒခံယူပွဲ (သို့) မဲရုံသို့ "လုံးဝမသွားဘဲ နေခြင်း" ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်းနှင့် မဲရုံသို့ သွား၍ "ကန့်ကွက်မဲ ပေးကြခြင်း" ဖြင့် ကန့်ကွက်ကြောင်း ဖော်ပြသည့် နည်းလမ်း ဖြစ်ပါသည်။ လူထုအနေဖြင့် လုံးဝမသွားဘဲ နေမည်ဆိုပါက (၁) မုချပင် စစ်တပ်နှင့် ထိပ်တိုက် တွေ့ရပါလိမ့်မည်။ ကျနော့်အထင် လူထုအနေဖြင့် (ယခုလောလောဆယ်) ဤလို ထိပ်တိုက်တွေ့မည့် နည်းလမ်းမျိုးထက် သူတို့၏ တကဲ့ဆန္ဒကိုလည်း ဖော်ပြနိုင်မည့်၊ အန္တရာယ်လည်း နည်းမည့် နည်းလမ်းမျိုးကို ရွေးချယ်ကြလိမ့်မည်ဟု ထင်ပါသည်။ တပွဲတိုက်၍ တတပ်လုံး ပြုတ်မည့် နည်းလမ်းမျိုးဖြင့် အကျိုးမရှိနိုင် ဟူသည်ကို တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝသည့် လူထုက သိနှင့်နေပြီး ဖြစ်ပေလိမ့်မည်။ (၂) လုံးဝမသွားဘဲ နေခြင်းကြောင့် စကတည်းက မိမိတို့၏ အခန်းကဏ္ဍကို မိမိတို့ဘာသာ ပစ်ပယ်လိုက်ရာ ရောက်ပေလိမ့်မည်။ ဤသို့ ပစ်ပယ်လိုက်ခြင်းကြောင့် တဘက်လူ ဘာလုပ်လုပ် လုပ်သမျှ အကြုံးဝင်သွားပေလိမ့်မည်။ (၃) ဘက်တဘက်တည်းကို ပုံအပ်လိုက်သလို ဖြစ်သွားခြင်းကြောင့် မှန်ကန်မှုနှင့် တရားမျှတမှု ရှိ/မရှိ စစ်ဆေးနိုင်ခွင့်ကိုလည်း ဆုံးရှုံး သွားနိုင်ပါသည်။ (ဆိုလိုသည်မှာ ဤဆန္ဒခံယူပွဲကို လွတ်လပ်မှုရှိ/မရှိ၊ တရားမျှတမှု ရှိ/မရှိ ကြည့်ရှု စစ်ဆေးနိုင်မည့် တတိယအင်အားစု (နိုင်ငံတကာဖြစ်စေ၊ ၀ါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့ဖြစ်စေ) တစုစု၏ ပါဝင်နိုင်မှုကို မရရှိနိုင်တော့ခြင်း ဖြစ်ပါသည်။) (၄) ဤအမြင်အတိုင်း မဲရုံသို့ မသွားကြရန် လှုံ့ဆော်/တောင်းဆိုသော်လည်း လူထုအနေဖြင့် မတတ်သာသဖြင့် မသွားမဖြစ် သွားကြရသည် ဆိုပါစို့။ ဤလှုံ့ဆော်မှု၊ ဤတောင်းဆိုမှုသည် စကတည်းက အရေးနိမ့်ရပေလိမ့်မည်။ (လူထုအဖို့ အလွယ်တကူ လိုက်ပါလုပ်ဆောင်ရန် ခက်ခဲသည့် နည်းလမ်းများသည် မသေချာလှ) ဒုတိယအမြင် ဖြစ်သည့် မဲရုံသို့သွား၍ ကန့်ကွက်မဲ ထည့်သည့် နည်းလမ်းကို ဆက်လက် ဆွေးနွေးလိုပါသည်။ (၁) ဤနည်းဖြင့် လူထုကို အန္တရာယ် နည်းစေပါသည်။ လူတိုင်းလူတိုင်း အလွယ်တကူ လိုက်ပါ လုပ်ဆောင်နိုင်ပါသည်။ အထက်၌ မတူသည့် အမြင် (၂)ခုကို တင်ပြခဲ့ပြီးပါပြီ။ ယခု ထပ်မံ တင်ပြလိုသည်မှာ ကျနော်တို့ အနေဖြင့် လူထု၏ ပကတိ အခြေအနေ အမှန်ကို တိတိကျကျသိရှိအောင် ချဉ်းကပ်လေ့လာ ကြည့်ရှုကြရန် ဖြစ်ပါသည်။ ဤအခြေအနေမျိုးကို ယခုမှ နဖူးတွေ့ဒူးတွေ့ ကြုံဖူးကြသည်တော့မဟုတ်။ ကြီးကြီးမားမားတကြိမ် (၁၉၉၀ ပြည့်ရွေးကောက်ပွဲ)နှင့် အကြိမ်ငယ် ငယ်များ (နေပူခံ ဆန္ဒဖော်ထုတ်ပွဲများ) အခါခါ ကြုံဖူးခဲ့ကြပြီးပေပြီ။ ဘယ်အချိန်၌ ဘာလုပ်ရမည်ကို ဆင်ခြင်တုံတရားရှိစွာ ခွဲခြားသိ၍ သိသည့်အတိုင်းလည်း မှန်မှန်ကန်ကန် ရွေးချယ် လုပ်ဆောင်နိုင်ခဲ့ကြသည့် မြန်မာပြည်သူများကို စစ်အစိုးရ ကိုယ်တိုင်ပင် အထင်မသေးဝံ့။ လျှော့မတွက်ရဲ။ သွေးတိုးစမ်းကြည့်သမျှတိုင်းလည်း ခံခဲ့ရသည်ချည်းပင်။ သို့သော်ငြား မသွားဘဲနေ၍ မရသည့် လက်ငင်းခြိမ်းခြောက်မှုများ၊ အကျပ်ကိုင်မှုများကလည်း ရှိနေကြပါသည်။ ဤခြိမ်းခြောက်မှုများနှင့် အကျပ်ကိုင်မှုများသည် လူထုနှင့် စစ်အစိုးရအကြား နှစ်ပဋိစ္ဆေဒ ကြာမြင့်စွာ တည်ရှိနေခဲ့သည့် နှောင်ကြိုး တချောင်းဟု ဆိုမည်ဆိုက ဆိုနိုင်မည် ထင်ပါသည်။ Domestic Violence "အိမ်တွင်းအကြမ်းဖက်မှု"ဟု သုံးနှုန်းလေ့ ရှိကြသည့် မိသားစုတွင်း အကြမ်းဖက်မှုများတွင် တချို့အချက်များသည် လက်ဆုပ်လက်ကိုင် ပြရခက်သကဲ့သို့၊ "နိုင်ငံတွင်း အကြမ်းဖက်မှု"ဟု သုံးနှုန်းနိုင်သည့် စစ်အစိုးရ၏ အကြမ်းဖက်မှုများတွင်လည်း တချို့ အချက်များသည် လက်ဆုပ်လက်ကိုင် ပြရန် ခက်သည်များ ရှိကောင်းရှိနိုင်ပါသည်။ (ဥပမာ-ဂမ်ဘာရီကို ပြသခဲ့သည့် နေပူခံ ဆန္ဒဖော်ထုတ်ပွဲများ) ကျနော့်အထင် လူထုအနေဖြင့် မသွားဘဲ နေခြင်းကြောင့် ဖြစ်လာနိုင်ဘွယ်ရှိသည့် ဆိုးကျိုးများထက်၊ သွား၍ သူတို့ လုပ်နိုင်သည်ကို လုပ်ခဲ့ကိုင်ခဲ့ကြသည့် နည်းကို ရွေးလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲ။ ထို့ကြောင့် ကန့်ကွက်မဲပေး၍ ဆန္ဒမှန် ဖော်ပြသည့် နည်းလမ်းဖြင့် အကောင်အထည် ဖော်ဆောင်မည့် လူထုလှုပ်ရှားမှုကို တရားမျှတမှု ရှိစေရေးအတွက် အကူအညီ ပေးသင့်သည်။ ကျနော်တို့အနေဖြင့် လွတ်လပ်၍ တရားမျှတမှု ရှိစေရေးအတွက် "တတိယ အင်အားစုတစု၏ ကြီးကြပ်မှု အောက်၌ ပြုလုပ်ရေး"ဟူသည့်အချက်ကို လူထုကိုယ်စား တောင်းဆိုပေးသင့်သည်။ ကျနော်တို့ အနေဖြင့်လည်း လူထု အတွက် ဤအချက်ကို တောင်းဆိုပေးခြင်းဖြင့် ကျနော်တို့၏ တသံတည်းထွက်မှု၊ တသဘောတည်းရှိမှု၊ စည်းလုံးညီညွတ်မှု အစရှိသည်တို့ကို ခိုင်ခိုင်မာမာ ဖော်ပြရာ ရောက်ပေလိမ့်မည်။ လူထုကို အားရှိစေပေလိမ့်မည်။ ယုတ်စွအဆုံး မေလ ဆန္ဒခံယူပွဲ၌ လိမ်လည်ညစ်ပတ်မှုဖြင့် "ခေတ်သစ်ကျေးကျွန် ဥပဒေ အတည်ပြုပွဲ" ကြီးကို ပြုလုပ်နိုင်ခဲ့ သည်ဆိုစေဦးတော့ တိုက်ပွဲငယ်တပွဲ အရေးနိမ့်ရခြင်းမျှသာ ဖြစ်ပေလိမ့်မည်။ ၂၀၁၀ ပြည့် ရွေးကောက်ပွဲ၌ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကဲ့သို့ တိုက်ပွဲကြီးတပွဲ ထပ်တိုက်၍ အောင်ပွဲကြီးတပွဲ ပြန်လည် ရယူနိုင်ရန် အခွင့်အလမ်း ရှိနေပေသေးသည်။ "လူထုက လုံးလုံး အရှုံးမပေးမချင်း မရှုံး"ဟု ဆိုနိုင်သကဲ့သို့ မိမိတို့က "အရှုံးပေးချင်သော်တောင်မှ မရှုံး"ဟု ဆိုရမည့် ဖြစ်စဉ် တခု ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် လူထုသည် "ဓမ္မ" အင်အားစု ဖြစ်နေသဖြင့် "အဓမ္မ"က မည်သည့်အခါတွင်မျှ အောင်ပွဲ မခံနိုင်ရာ။ လူထုသည် အဆုံးအဖြတ် အခန်းမှ ပါဝင်နေသရွေ့ လူထုသည် မရှုံး၊ သမိုင်းသည် မဆုံး။ |
| < Prev | Next > |
|---|











